News

POST TYPE

NEWS

စာသင်ချိန်တွင် ဖေ့စ်ဘွတ်ခ်နှင့် ဖုန်းမသုံးရန် ပညာရေးဝန်ကြီး သတိပေး
13-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ဆရာ၊ ဆရာမများအနေနှင့် စာသင် ခန်းအတွင်း စာသင်ချိန်တွင် ဖေ့စ်ဘွတ်ခ် အသုံးပြုခြင်း၊ ဖုန်းသုံးစွဲခြင်းများကို မပြုလုပ်ရန်နှင့် သင်ကြားရေးကို အလေးထားရန် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာရေးဖိုရမ်တွင် သတိပေး ပြောကြားခဲ့သည်။ 

စာသင်နေချိန် ဖေ့စ်ဘွတ်ခ် သုံးစွဲခြင်းနှင့် ပြင်ပ စာအုပ်များ ဖတ်ခြင်းများ ပြုလုပ်နေလျှင် ကျောင်းသား၊ ကျောင်းသူများ စာတတ်မြောက်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်သော အခြေခံပညာနှီးနှောဖလှယ်ပွဲ၌ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆရာ၊ ဆရာမက စာသင်ချိန်မှာ၊ စာဖတ်နေတယ်။ ဖုန်းပွတ်နေတယ်။ ကလေးတွေက ရှေ့မှာလုပ်ချင်ရာ လုပ်နေတယ်၊ ရန်ဖြစ်တဲ့သူက ဖြစ်နေတယ်။ ဆော့တဲ့သူက ဆော့နေတယ်။ စကားပြောတဲ့သူက ပြော၊ အိပ်တဲ့သူက အိပ်နေတယ်”ဟု ပညာရေးကို ထောက်ပြသည့် နိုင်ငံတကာ ကာတွန်း သရုပ်ဖော်ပုံများကိုပြသ၍ ဆရာ၊ ဆရာမများကို ဝန်ကြီးက သတိပေးပြောကြားခဲ့သည်။

ဆရာ၊ ဆရာမများ၏ တာဝန်သည် ကျောင်းသား၊ ကျောင်းသူများ ကျောင်း မှန်မှန်တက်စေရန်နှင့် ဆရာများသိသင့် သိထိုက်သည့် ပညာရပ်များကို လေ့လာသင်ယူပြီး ကျောင်းသင်ခန်းစာ သာမက ကျောင်းချိန်ပြင်ပတွင် ပြင်ပစာအုပ်များကိုပါ ဖတ်ရှုလေ့လာရမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

ယင်းဖိုရမ် တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာတစ်ဦးက “ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ သုံးရင်တော့ ခွင့်မပြုလို့ မရဘူးလေ။ ဒါပေမဲ့ စာသင်ကြားနေချိန်မှာတော့ ဆရာ၊ ဆရာမ ၁၀ဝ မှာ ၉၉ ရာခိုင်နှုန်းလောက်က မသုံးဘူးလို့ ထင်ပါတယ်။ အဲချိန်မှာ ကလေးတွေကို စာသင်နေတယ်။ ဖုန်းကိုင်ချိန် မရှိဘူး။ ဒါပေမဲ့ သူရဲ့အားလပ်ချိန်တွေမှာတော့ သုံးမှာပေါ့”ဟု သူ့အမြင် ကို ပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများသည် သင်ခန်းစာများကို နားလည်ခြင်း မရှိလျှင် ကျောင်းထွက်သူများမည်ဖြစ်ပြီး မူလတန်း၊ အလယ်တန်းမှာပင် ကျောင်းထွက်သွားသည့်အတွက် ထိုလူငယ်များကို အလုပ်အကိုင် အဆင်ပြေရန် ဆောင်ရွက်ပေးရာတွင် မလွယ်ကူကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်းပေါင်း ၄၆,ဝ၀ဝ ကျော်ရှိပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် ရှိသည်။ 
အခြေခံပညာအဆင့်တွင် ဆရာ၊ ဆရာမဦးရေ လေးသိန်းနီးပါးရှိကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရှိရသည်။

မြဇာခြည်သင်း

  • VIA