News

POST TYPE

NEWS

သစ်သီးဝလံ စိုက်ပျိုးရေးဆိုင်ရာ အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ် ၂၀၁၈ ဇန်နဝါရီတွင် စထုတ်ပေးမည်
13-Dec-2017 tagged as ရန်ကုန်


ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် သစ်သီးဝလံများကို ပြည်ပတင်ပို့ရာတွင် အထောက်အကူဖြစ် စေမည့် စိုက်ပျိုးရေးဆိုင်ရာ အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး မည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရ သည်။ 

ပြည်ပသို့ သစ်သီးဝလံများ တင်ပို့ ရာတွင် အထောက်အကူဖြစ်စေရန် အော်ဂဲနစ်လက်မှတ်များ ထုတ်ပေးရန် စီစဉ်ခြင်းဖြစ်ပြီး စိုက်ပျိုးသည့် မျိုးစေ့ အမျိုးအစား၊ စိုက်ခင်းတွင်သုံးစွဲသည့် ပိုးသတ်ဆေးအမျိုးအစား၊ စိုက်ခင်းသို့ ကျရောက်သည့် ပိုးမွှားများကို ကာကွယ်သည့်နည်းလမ်း၊ စိုက်ခင်းပတ်ဝန်းကျင်များကို သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိကို မြေအသုံးချရေး ဦးစီးဌာနရှိ ဓာတ်ခွဲခန်းများကို ပေးပို့စစ်ဆေးမည်ဖြစ်ကာ ကိုက်ညီပါက ​အော်ဂဲနစ်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးစန်းလင်းက ပြောကြားသည်။

“အရင်တုန်းကတော့ ပြည်ပပို့ရင် အသင်းရဲ့ထောက်ခံချက်ကိုယူတယ်။ ဝယ်လက် လာဝယ်တယ်ဆိုရင်လည်း ဝယ်လက်က သူ့ကုန်ကျစရိတ်နဲ့သူစစ် တယ်။ ပြီးရင် သူ့လက်မှတ်နဲ့သူ။ ဝယ်လက် က သူ့ဟာသူစစ်ပြီး ကုန်ကျစရိတ်က လည်း သူပဲခံတာဆိုတော့ ဈေးနှိမ်ဝယ်တယ်။ အခု အော်ဂဲနစ် လက်မှတ်နဲ့ဆိုတော့ ကြိုက်ရင်ဝယ်၊ မကြိုက်ရင် ထပ်စစ်။ ငါတို့မှာတော့ ဒီလက်မှတ် ရှိတယ်ဆိုပြီး ပြောလို့ရတယ်”ဟု ၎င်းကပြောဆိုသည်။ 

ယခင်က ပြည်ပသို့ သစ်သီးဝလံများ တင်ပို့ရာတွင် သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်းထံမှ ပိုးမွှားကင်းစင် ကြောင်းထောက်ခံချက်ဖြင့် တင်ပို့နေခြင်း ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ် မပြည့်စုံ မှုကြောင့် ဈေးနှိမ်ခံရသဖြင့် အော်ဂဲနစ် လက်မှတ်ထုတ်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

“ဒါပေမဲ့ အော်ဂဲနစ်လက်မှတ် ထုတ်ပေးတယ်ဆိုပေမယ့် ဒီကဓာတ်ခွဲ ခန်းတွေက နိုင်ငံတကာ အသိအမှတ်ပြု မဟုတ်တော့ နိုင်ငံတကာက ဝယ်ချင်ရင် နိုင်ငံတကာဓာတ်ခွဲခန်းကို ထပ်ပို့ပြီး စစ်ရ တယ်။ ဓာတ်ခွဲခန်းတွေက ညံ့တာတော့ မဟုတ်ဘူး။ အချိတ်အဆက်မလုပ်ထားတာ”ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးစန်းလင်းက ဆက်လက် ပြောကြားသည်။ 

အော်ဂဲနစ် အသီးအနှံများ စိုက်ပျိုးရာတွင် အော်ဂဲနစ် အသီးအနှံအတွက် သတ်မှတ်ထားသည့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာတို့ကိုသာ သုံးစွဲရမည်ဖြစ်ပြီး ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာတို့ကို အလွန်အကြူး သုံးစွဲခွင့် မရှိကြောင်း၊ GAP နည်းလမ်းနှင့် စိုက်ပျိုးပါက တရားဝင် သတ်မှတ်ထားသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာတို့ကိုသာ သုံးစွဲရမည်ဖြစ်ကြောင်း၊ ယင်းအချက်အလက်များနှင့် ကိုက်ညီမှသာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

လက်ရှိတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနက သစ်သီးဝလံများကို စိုက်ပျိုးရေးဆိုင်ရာ ကျင့်စဉ်ကောင်းများ အသိအမှတ်ပြုလက်မှတ် (Good Agriculture Practices-GAP) ကို ထုတ်ပေးလျက်ရှိပြီး အော်ဂဲနစ်အသိ အမှတ်ပြုလက်မှတ်ကို ပုဂ္ဂလိက အဖွဲ့အစည်းများက ထုတ်ပေးခြင်းဖြစ်ကြောင်း သစ်သီးဝလံ အသင်းထံမှ သိရသည်။

J-11