News

POST TYPE

NEWS

ထရမ့်ကိုစွပ်စွဲထားသော လိင်နှောင့်ယှက်မှုများအား ကွန်ဂရက်က ကြားနာပေးရန် အမျိုးသမီး သုံးဦးဆို
13-Dec-2017


နယူးယောက်၊ ဒီဇင်ဘာ ၁၂

သမ္မတဒေါ်နယ်ထရမ့်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ခံခဲ့ရသည်ဟု စွပ်စွဲပြောကြားထားသော အမျိုးသမီးသုံးဦးက ကွန်ဂရက် စစ်ဆေးကြားနာမှုကို လိုလားပါကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

နယူးယောက်မြို့တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အဆိုပါ အမျိုးသမီးသုံးဦးက မစ္စတာထရမ့်၏ ဟိုကိုင် ဒီကိုင်လုပ်ခြင်း၊ ပွတ်သပ်ခြင်း၊ ဖက်နမ်းခြင်း၊ ထိကပါး ရိကပါးလုပ်ခြင်း စသည်တို့ကို စွပ်စွဲထားခြင်းဖြစ်သည်။

ဂျက်ဆီကာလိဒ်စ်၊ ဆမန်သာဟိုဗေးနှင့် ရေချယ်ခရွတ်စ်ဟု အမည်ရသည့် အမျိုးသမီးများက ထရမ့်သည် ၎င်းတို့အပေါ် ပြုကျင့်ခဲ့သည် ဆိုသည်များကို အသေးစိတ် ပြောပြခဲ့သည်။

အဆိုပါ အမျိုးသမီးများက မဟုတ်တမ်းတရားများ ပြောနေကြသည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်က ဆိုသည်။ 

ပြီးခဲ့သည့်လက အမျိုးသမီး ၁၆ ယောက်နှင့် ဒေါ်နယ်ထရမ့် (16 Women and Donald Trump) ဆိုသည့် မှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ခဲ့သည့် Brave New Films က အဆိုပါ သတင်းစာ ရှင်းလင်းပွဲ ကို စီစဉ်ပေးခြင်းဖြစ်သည်။

ယခင်ထွက်ရှိဖူးသော မှတ်တမ်း ဗီဒီယိုတွင်လည်း အမျိုးသမီး များစွာက သမ္မတ ထရမ့်ကို စွပ်စွဲခဲ့ကြသည်။ 

သတင်းစာ ရှင်းလင်းပွဲတွင် ထွက်ပြောသော အမျိုးသမီး သုံးဦးသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အများပြည်သူရှေ့တွင် အဆိုပါ စွပ်စွဲချက်များကို ပြောကြားခဲ့ဖူးသည်။ 

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟာ ဗေးဝိုင်းစတိန်း၏ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ပြုမှုများကို ကြုံရဖူးသော အမျိုးသမီးများက အများပြည်သူရှေ့မှောက်တွင် ပြောဆိုထုတ်ဖော်ခဲ့မှုများ ရှိခဲ့ပြီးနောက် ထရမ့်အကြောင်းကိုလည်း ထုတ်ဖော်သူ အမျိုးသမီးများ ပြန်ပေါ်လာခြင်း ဖြစ်သည်။ 

၂၀ဝ၆ ခုနှစ် အမေရိက မယ်ရွေးပြိုင်ပွဲအတွင်းကလည်း ထရမ့်သည် ၎င်းနှင့် အခြား ပြိုင်ပွဲဝင်များကို နှာဘူးကျခြင်းများ ပြုလုပ်ခဲ့ဖူးကြောင်း ဟိုဗေးဆိုသူ အမျိုးသမီးက ပြောဆိုသွားသည်။ 

အမေရိကမယ်ရွေးပွဲအစီအစဉ် ပြုလုပ်သည့် ကုမ္ပဏီကို ထရမ့်က ပိုင်ဆိုင်ထားသည်။

အလှမယ်များကို တန်းစီရပ်ခိုင်းကာ အသားတွဲများကို ကြည့်သကဲ့သို့ ထရမ့်က လိုက်လံကြည့်ရှုခဲ့သည်ဟု ထိုစဉ်က အသက် ၂၀ ခန့်သာ ရှိသေးသော မြောက်ကယ်ရိုလိုင်းနား အလှမယ်ဟောင်း ဆမန်သာဟိုဗေးက ဆိုသည်။   

F-02

  • VIA