News

POST TYPE

NEWS

ဗိုလ်အောင်ကျော်လမ်းရှိ ကုမ္ပဏီရုံးခန်းကို ဖောက်ထွင်းသည့် လူငယ်သုံးဦးကို ဖမ်းမိ
13-Dec-2017 tagged as ရန်ကုန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ 

ကျောက်တံတားမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း (အထက်ဘလောက်)ရှိ သင်္ဘောသားကုမ္ပဏီရုံးခန်းကို ဖောက်ထွင်းပြီး ငွေကျပ်သိန်းနှစ်ရာကျော် ယူဆောင်သွားသည့် လူငယ်သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်တွင် နေထိုင်ပြီး အထက်ပါလိပ်စာတွင် သင်္ဘောသားကုမ္ပဏီရုံးခန်း ဖွင့်ထားသူ အသက် ၆၁ နှစ်အရွယ် ဦးထွန်းသိန်းသည် ဒီဇင်ဘာလ ၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရုံးခန်းအတွင်း ထားရှိသော CCTV မော်နီတာမှာ ရုပ်မပေါ်သဖြင့် စစ်ဆေးကြည့်ရှုရာ CCTV ကင်မရာကြိုးမှာ ပြတ်နေပြီး ရုံးခန်းအဝင် တံခါးဘက်သို့ လှည့်ထားသော CCTV ကင်မရာမှာ တိတ်ဖြင့်ဖိကပ်ထားကြောင်း မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် သင်္ဘောသားအတွက် လစာပေးရမည့် ငွေများကို စစ်ဆေးရေတွက်ကြည့်ရာက ငွေကျပ်သိန်းနှစ်ရာကျော်မှာ ပျောက်ဆုံးနေသည်ကို သိရသဖြင့် ရဲစခန်းသို့ တိုင်ကြားအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ငွေအားလုံးရှိတာက သိန်းပေါင်း တစ်ထောင့်ခုနစ်ရာကျော်ရှိတာ။ အဲဒီထဲကမှ သိန်းနှစ်ရာကျော်ပျောက်သွားတာ။ CCTV ကင်မရာတပ်ဆင်ထားတာ တိပ်နဲ့ပတ်ပြီး ကြိုးက ပြတ်ထွက်နေတာနဲ့ CCTV ကိုင်တဲ့ အလုပ်သမား တစ်ယောက်ကို ခေါ်စစ်ဆေးရာက ပေါ်ခဲ့တာပါ။ သော့တုလုပ်ထားပြီးတော့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းပြီး ခိုးထုတ်ခဲ့တာလို့ စစ်ဆေးချက်အရ သိရတယ်” ဟု ကျောက်တံတားမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းငွေသိန်းနှစ်ရာကျော်ကို ဖောက်ထွင်းခိုးယူသည်ဟုဆိုသော လူငယ်သုံးဦးမှာ ဒလမြို့နယ်တွင် နေထိုင်သူ အသက် ၁၈ နှစ်အရွယ် အောင်ကြည်ငြိမ်း၊ သန့်ဇင်ငြိမ်းနှင့် အောင်ဟံသင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းမိကာ ကျောက်တံတားမြို့မ ရဲစခန်းက(ပ)၄၅၉/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16