News

POST TYPE

NEWS

နတ်သံကွင်းပျံကျဈေး ဆိုင်ခန်း ၁၆၀ ခန့် မီးလောင်မှု ရှို့မီးဟု ရဲတပ်ဖွဲ့သုံးသပ်
13-Dec-2017

တောင်ငူ၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာတွင် ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) ညပိုင်းက နတ်သံကွင်း ပျံကျဈေးရှိ ဆိုင်ခန်း ၁၆၀ ခန့် မီးလောင်ဆုံးရှုံးမှုကို ရှို့မီးဟု ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။ 

ဆိုင်ခန်း ၁၆၀ ကျော်ရှိသော နတ်သံကွင်း ပျံကျဈေးမှာ ဒီဇင်ဘာလ ၁၂ ရက် ည ၇ နာရီခွဲမှ စတင်ကာ မီးလောင်ကျွမ်းခဲ့ရာ တစ်ဈေးလုံးနီးပါးဖြစ်သော ဆိုင်ခန်း ၁၅၉ ခန်း မီးလောင်ခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်ပြင်သို့ မီးသတ်တပ်ဖွဲ့ဝင်များ မိနစ်ပိုင်းအတွင်း ရောက်ရှိခဲ့ပြီး မျက်မြင်တွေ့ရှိသူများ၊ မီးလောင်ပြင်ကို စစ်ဆေးမှုများအရ ယင်းဈေးတွင် လျှပ်စစ်မီး မရှိခြင်း၊ မီးဖိုသုံးစွဲခွင့်မပြုခြင်း၊ ဈေးကို ည ၆ နာရီ ပိတ်ထားသောကြောင့် ပေါ့ဆမီးနှင့် လျှပ်စစ်ဝါယာရှော့ခ်မဖြစ်နိုင်ဘဲ ရှို့မီးဖြစ်ကြောင်းကို ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သုံးသပ်ကြောင်း တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးမြင့်နိုင်ထွန်းက ပြောကြားသည်။ 

“ဈေးမီးလောင်တယ်ကြားလို့ အိမ်ကနေ ပြေးကြည့်နေချိန်မှာကို မီးတောက်က တော်တော်ကြီးနေပြီ၊ ဈေးတစ်ဈေးလုံး ကုန်သွားသလို့ ကျွန်တော့်ရဲ့အထည်ဆိုင်နဲ့ ကုန်စုံဆိုင် မီးလောင်သွားတယ်”ဟု နတ်သံကွင်းဈေးတွင် ဈေးရောင်းချသည့် ဦးပေက ပြောကြားသည်။ 

အဆိုပါ ဈေးမီးလောင်မှုကြောင့် မီးသတ်ယာဉ် ၁၉ စီး၊ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များ သာမက ဒေသခံများ အပါအဝင် ၂၅၀ ခန့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၂ နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း၊ ဈေးမီးရှို့သူကို ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ကာ စုံစမ်းနေကြောင်း နတ်သံကွင်းနယ်မြေ ရဲစခန်းထံမှ သိရသည်။ 

R-15

  • VIA