News

POST TYPE

NEWS

တရုတ်၏ စက်မှုနှင့် ကုန်သွယ်မှုစွမ်းရည် အဆမတန်မြင့်တက်မှုကို အမေရိကန်၊ အီးယူနှင့် ဂျပန်တို့ ပူးပေါင်းရင်ဆိုင်ရန် စီစဉ်
13-Dec-2017


ဗျူနိုအေးရီးစ်-ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂

တရုတ်နိုင်ငံ၏ အဆမတန် မြင့်တက်လာသော စက်မှုစွမ်းရည်နှင့် အခြားသော ကုန်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရင်ဆိုင်ရန် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ(အီးယူ)နှင့် ဂျပန်တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရကြောင်း ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်တစ်ရပ်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။ 

တရုတ်ပြည်၏ စက်မှုထုတ်လုပ်မှု စွမ်းရည်နှင့် ကုန်သွယ်ရေးလုပ်ဆောင်ချက်များသည် အဆမတန် မြင့်တက်လာသည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် ဂျပန်တို့ ပူးပေါင်းကာ အင်အားတစ်ရပ်အဖြစ် စုစည်းပြီး ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို မကြာမီ ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရကြောင်း သတင်းကဆိုသည်။ 

အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အီးယူတို့မှ ကုန်သွယ်ရေးအရာရှိများသည် ဗျူနိုအေရီးတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးပွဲတွင် ယင်းကြေညာချက်ကို ထုတ်ပြန်ရန် စီစဉ်လျက်ရှိသည်ဟု အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ပြောကြားသည်။ 

သို့သော် ထုတ်ပြန်မည့် ကြေညာချက်တွင် တရုတ်ဟူသည့် အမည်နာမကို ထည့်သွင်းဖော်ပြရန် အစီအစဉ် ရှိ၊ မရှိကို တိတိကျကျမသိရသေးဟု ၎င်းက ဆိုသည်။ 

တရုတ်နိုင်ငံ၏ နိုင်ငံပိုင်လုပ်ငန်းများအပေါ် ထောက်ပံ့ပေးနေခြင်း၊ နိုင်ငံခြားလုပ်ငန်းများအနေနှင့် မဟာဗျူဟာကျသော နည်းပညာများကို လွှဲပြောင်းပေးရန် ဖိအားပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ မကြာခဏထုတ်ပြန်ခြင်း စသည်တို့နှင့် ပတ်သက်၍ အမေရိကန်၊ အီးယူနှင့် ဂျပန်တို့က မကျေမနပ်ဖြစ်လျက်ရှိသည်။ 

ထို့ပြင် ယင်းသို့ တရုတ်နိုင်ငံ၏ ဘက်လိုက်မှုများကြောင့် စတီး၊ အလူမီနီယံ စသည်ကဲ့သို့ အရေးပါသည့် လုပ်ငန်းကြီးများတွင် အဆမတန် ထုတ်လုပ်မှုများ ပေါ်ပေါက်စေခဲ့ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ယင်းစက်မှုထုတ်ကုန်များ အဆမတန် များပြားလာခြင်းကြောင့် အခြားနိုင်ငံများ၌ အလုပ်သမားလျှော့ချရခြင်း၊ အလုပ်ဆိုင်းငံ့ထားရခြင်းမျိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း အမေရိကန်၊ အီးယူနှင့် ဂျပန်နိုင်ငံတို့မှ ကုန်သွယ်ရေးအရာရှိကြီးများက ဆိုသည်။ 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေနှင့် တရုတ်နိုင်ငံ၏ ဈေးကွက်စီးပွားရေး အနေအထားကို အသိအမှတ်ပြု လက်မခံသင့်ဟူသော အီးယူ၏အဆိုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံထားသည်။ 

တရုတ်၏ ဈေးကွက်စီးပွားရေးသည် အနောက်ကမ္ဘာ၏ ကုန်သွယ်ရေးအဟန့်အတားများကို အားနည်းသွားစေသည်ဟု အမေရိကန်နှင့် အီးယူတို့ကဆိုသည်။ 

ဂျပန်ကုန်သွယ်ရေးနှင့် စီးပွားရေးဝန်ကြီး ဟီရိုရှီဂါဆီကိုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပွင့်လင်းမြင်သာမှုနှင့် စံချိန်စံနှုန်းများ မြှင့်တင်ရန်လိုအပ်မှု စသည်တို့ကို ထောက်ခံကြောင်း ပြောကြားသည်။ 

“လွတ်လပ်တဲ့ ကုန်သွယ်ရေးဆိုတာ ယှဉ်ပြိုင်မှုအတွက် မျှတမှုရှိတဲ့ အခြေအနေတွေရှိမှ အလုပ်ဖြစ်တာပါ”ဟု ၎င်းက ဆိုသည်။       

F-01

  • VIA