News

POST TYPE

NEWS

၁၄ နှစ်မိန်းကလေးအား ခိုးယူပေါင်းသင်းသူကို ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချ
13-Dec-2017 tagged as

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ 

အသက် ၁၄ နှစ်အရွယ် ရည်းစားဖြစ်သူ မိန်းကလေးအား ခိုးယူပေါင်းသင်းသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းခရိုင်၌ အမိန့်ချမှတ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁/၁)ရပ်ကွက်တွင် နေထိုင်သူ ကိုနိုင်လင်းထွန်းသည် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က အသက် ၁၄ နှစ်အရွယ် ရည်းစားဖြစ်သူကို လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းအတွင်းရှိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်ကာ သားမယား တစ်ကြိမ်ပြုကျင့်ခဲ့ပြီး၊ ၎င်းမှတစ်ဆင့် ဒေးဒရဲမြို့နယ်သို့ ခေါ်ဆောင်ကာ ထပ်မံ သားမယားပြုကျင့်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“သမီးရည်းစားတွေလို့ သိရတယ်။ အသက် ၁၄ နှစ်အရွယ် မိန်းကလေးဖြစ်နေလို့ မုဒိမ်းမှုမြောက်သွားတာ။ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်ချခဲ့တာ။ ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျစေဖို့ အမိန့်ချခဲ့တဲ့အတွက် အနှစ် ၂၀ ကျခံရမှာ ဖြစ်ပါတယ်” ဟု အရှေ့ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းအမှုကို မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ)၃၉၉ / ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၁ ရက်နေ့အထိ မုဒိမ်းမှုပေါင်း ၂၄၆ မှုဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၂၂၉ မှု၊ ၂၀၁၅ ခုနှစ်တွင် ၁၁၀ မှု ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ စုံစမ်းသိရသည်။

J-16

  • TAGS