News

POST TYPE

NEWS

မန္တလေးမြို့ပေါ်တွင် အစိုးရ အကူးအပြောင်း၌ ချထားပေးခဲ့သော မြေကွက် ၁၃၅ ကွက်ကို ဂရန်ဖျက်သိမ်း
12-Dec-2017

မန္တလေး၊ ဒီဇင်ဘာ ၁၂

ကြံ့ခိုင်ရေးပါတီ အစိုးရမှ NLD အစိုးရသို့ အကူးအပြောင်း ကာလအတွင်း မန္တလေးမြို့ပေါ်တွင် လူပုဂ္ဂိုလ်အမည်များဖြင့် ချထားပေးခဲ့သည့် အများပြည်သူနှင့်သက်ဆိုင်သော ဧကကျယ်မြေကွက်နှင့် ပလပ်မြေ ၁၃၅ ကွက်ကို ဂရန်များ ပယ်ဖျက်ပြီး အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေ (အစိုးရမြေ) အဖြစ် ပြန်လည်သိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“အစိုးရ အကူးအပြောင်းကာလမှာ လုပ်သွားတဲ့မြေတွေကို ပြန်သိမ်းဖို့ပဲ။ အခုစိစစ်ထားတဲ့ မြေကွက်ပေါင်း ၁၃၅ ကွက်လုံးကို မြေပေးမိန့်တွေ ပယ်ဖျက်လိုက်ပြီ။ ဂရန်တွေလည်း ပယ်ဖျက်လိုက်ပြီ။ ကျန်တာတွေကို မြို့တော်စည်ပင်ကပဲ လုပ်သွားလိမ့်မယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အလွန် အာဏာမလွှဲပြောင်းမီ ကာလဖြစ်သော ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၁၆ ခုနှစ်၊ ဩဂုတ် ၃၀ အတွင်း ကျောင်း၊ အားကစားကွင်း၊ ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ်ရန်နှင့် စီမံကိန်းတစ်ခု လုပ်ဆောင်ရန် လျာထားသည့်မြေကွက်များ၊ မြို့မြေယာ စီမံခန့်ခွဲရေး ကော်မတီက မြေကွက်ရိုက်ချထားပြီး ကျန်ရှိနေသည့် မြေကွက်များနှင့် စည်ပင်သာယာက စီမံခန့်ခွဲခွင့်ရှိသည့် မြေကွက်များ၊ အများပြည်သူနှင့် သက်ဆိုင်သော မြေများကို လူပုဂ္ဂိုလ်အမည်များဖြင့် တစ်ဦးတည်းပိုင်မြေများအဖြစ် ချထားပေးခဲ့ခြင်းဖြစ်သည်။

အစိုးရ အကူးအပြောင်း ကာလမှာ ယခင် တိုင်းဒေသကြီး အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ မြေကွက်ပေါင်း ၂၀ဝ ကျော်ရှိခဲ့တယ်။ အဲဒီထဲကမှ ပြန်လည် စိစစ်ပြီး ဂရန်မြေ ပြန်သိမ်းတာက ၁၃၅ ကွက်ပါ။ ကျန်တဲ့အကွက်တွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေက တောင်သူတွေဆီကနေ ဝယ်ယူပြီး အခြားနည်းသုံးစွဲခွင့် လျှောက်လို့ရတဲ့ဟာတွေ ရှိသလို၊ မြို့မြေဂရန်တွေအဖြစ် လုပ်ဆောင်ထားတာတွေလည်း ရှိတယ်။ အခုပြန်သိမ်းတဲ့ အကွက်ပေါင်း ၁၃၅ ကွက် ဆိုတာကလည်း လူဦးရေ ၁၃၅ ဦး ပိုင်ဆိုင်တာ မဟုတ်ဘူး။ တစ်ဦးတစ်ယောက်တည်းကနေ သုံး၊ လေး၊ ငါးကွက် ပိုင်ဆိုင်ထားတဲ့သူတွေ ဖြစ်နေတယ်။ အရေအတွက်ကျတော့ ပြောလို့ မရသေးဘူး။ ခုလက်ရှိ ဂရန်သိမ်းထားတာတွေက လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ချပေးခဲ့တဲ့မြေ ရာနှုန်းပြည့် ပြန်သိမ်းတယ်လို့ ပြောလို့ရပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

မြေကွက်များချထားပေးမှုတွင် လူပုဂ္ဂိုလ်အမည်များ၊ ပါတီနှင့် အသင်း အဖွဲ့အစည်းများကို ချထားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့အနက် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေးငယ်တစ်ဦးကို မြေကွက် ချထားပေးမှုလည်း ပါရှိခဲ့ကြောင်း၊ မြေကွက်များကို ကာလပေါက် ဈေးအတိုင်း မဟုတ်ဘဲ တစ်ပေပတ်လည်လျှင် ၄၀ဝ၀၊ ၁၀,ဝ၀ဝ ကျပ်နှုန်းဖြင့်ပေးခဲ့ရာ အကွက်ပေါင်း ၁၃၅ ကွက်အတွက် စုစုပေါင်းဧက ၂၀ဝ ကျော်ခန့်ရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အစိုးရ အကူးအပြောင်းကာလတွင် အမည်ပေါက် ချထားပေးခဲ့သည့် မြေကွက်များမှာ အနည်းဆုံး ပေ လေးဆယ်ခြောက် ဆယ်မြေကွက်မှ ခြောက်ဧကကျော် အကျယ်အဝန်း ရှိသည့် မြေကွက်များလည်း ပါဝင်ပြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ၈၅ ကွက်အထိရှိကာ အများဆုံး ချပေးခဲ့သည့် မြို့နယ်ဖြစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ်တွင် အကွက်ပေါင်း လေးဆယ်ရှိကြောင်းနှင့် အမရပူရမြို့နယ်တွင် ကိုးကွက်၊ ချမ်းအေးသာစံမြို့နယ်တွင် တစ်ကွက်တို့ပါဝင်ကြောင်း ဦးမြင့်အောင်မိုးက ဆိုသည်။

အစိုးရ အကူးအပြောင်း ကာလအတွင်း မန္တလေးတိုင်းဒေသကြီးရှိ အများပြည်သူနှင့် သက်ဆိုင်သော ဧကကျယ် မြေကွက်များနှင့် ပလပ်မြေများကို လူပုဂ္ဂိုလ် အမည်များဖြင့် ချထားပေးခဲ့သည့် အကွက်ပေါင်း ၂၂၈ ကွက်ရှိသည့်အနက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၁၃၅ ကွက်မှာ လုပ်ထုံးလုပ်နည်းများအညီ ချထားပေးခဲ့ခြင်း မဟုတ်ကြောင်း စိစစ် တွေ့ရှိခဲ့သည့်အတွက် ဂရန်မြေအဖြစ်မှ ပယ်ဖျက်ပြီး အစိုးရပိုင်မြေအဖြစ် ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်ကာ သိမ်းယူခံရသူများ ပေးသွင်းထားခဲ့သော ငွေများကိုလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။

အစိုးရက ပြန်လည် သိမ်းယူထားသည့် မြေကွက်များအနက် အချို့မြေကွက်များကို ဌာနဆိုင်ရာများ အဆောက်အအုံအဖြစ် ဆောက်လုပ်နိုင်ရန် ချထားပေးသွားမည်ဖြစ်ပြီး ရုံးဆောက်လုပ်မည့် ဌာနအနေနှင့် မူလမြေပိုင်ရှင် သွင်းထားခဲ့သည့် တန်ဖိုးငွေအတိုင်း ပေးသွင်းရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

M-04

  • VIA