News

POST TYPE

NEWS

မြန်မာ့စဥ့်လုပ်ငန်း နာမည်ကျော်ဒေသတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖော်
12-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ကျေးလက်ဒေသ ဖွံ့ဖြိုးစေရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် စစ်ကိုင်းတိုင်း၊ နွယ်ငြိမ်းကျေးရွာတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း CBT ကို နိုဝင်ဘာလ ၃၀ ရက်က စတင် ဖော်ဆောင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

“ခရီးသွားတွေလာဖို့ ရပ်ကျေးကော်မတီနဲ့ ညှိနှိုင်းလုပ်နေတယ်။ ဒီရွာရဲ့ အဓိက စဥ့်အိုးလုပ်ငန်းတွေကို ပြည်ပဧည့်သည်တွေ စိတ်ဝင်တစား လေ့လာနိုင်မှာပါ”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်သူဦးက ဆိုသည်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းတွင် ပြည်ပခရီးသွားများ သီးသန့်တည်းခိုနိုင်ရေး လူနေအိမ်ဆောက်လုပ်ရန် အစီအစဉ်ရှိပြီး လက်ရှိတွင် ရပ်ရွာအခြေပြု ကော်မတီပိုင်ဆိုင်သော လူနေအိမ်လေးလုံးတွင် ဧည့်သည်များ တည်းခိုနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ခရီးသွားကဏ္ဍ တိုးတက်လာရန် ရပ်ရွာအခြေပြုခရီးသွားကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ပြီး ကဏ္ဍအလိုက် ဝန်ဆောင်မှု သင်တန်းများ လိုအပ်ပါက ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး လက်ရှိ လုပ်ဆောင်ထားပြီးဖြစ်တဲ့ ဇုန်ခြောက်ခုက မြို့ကြီးတွေပဲဖြစ်လို့ ခရီးသွားဇုန်အနေနဲ့တော့ ထပ်လုပ်လို့က မရတော့ဘူး။ လည်ပတ်လို့တဲ့ ကျေးရွာလေးတွေကိုတော့ အခြေပြုဆောင်ရွက်ဖို့ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးလာရန် မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ကသာ၊ ရွှေဘို၊ ခန္တီးခရီးသွားဇုန်များကို ဈေးကွက် မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ခြင်းမှာ နွယ်ငြိမ်းကျေးရွာမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ဒေသ ၂၂ ခုတွင် ဖော်ဆောင်ထားပြီး မကွေး၊ တွံတေး၊ သံတောင်၊ ပအိုဝ်း၊ ကလေး၊ မြိုင်၊ ချင်း၊ နွယ်ငြိမ်းတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“လက်ရှိတော့ အဲဒီဒေသတွေကို ဧည့်သည်တွေ လိုက်ပို့တာတော့ မရှိသေးဘူး။ စီမံချက်တစ်ခုနဲ့ လုပ်တယ်ဆိုပေမယ့် ပြည်သူတွေကို တိုက်ရိုက် ဗဟိုပြုရင်ကောင်းမယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိတစ်ဦးက ဆိုသည်။

ကရင်ပြည်နယ်၊ သံတောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် သုတေသနပြုလုပ်ရာတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း CBT အောင်မြင်မှု အားနည်းနေသေးသည်ကို တွေ့ရှိခဲ့ကြောင်း သံတောင်ကြီး သုတေသနအဖွဲ့ထံမှ သိရသည်။

လက်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ချထားပေးသည့် စစ်ကိုင်းတိုင်းရှိ မုံရွာ၊ စစ်ကိုင်း၊  ကလေး၊ ကသာ၊ ရွှေဘို၊ ခန္တီးခရီးသွား ဇုန်များတွင် ဟိုတယ် ၃၁ လုံးရှိကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ ဆက်လက်သိရသည်။

CBT လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြိုင်တွင် အနည်းငယ် အောင်မြင်နေပြီဖြစ်ပြီး ပခုက္ကုမြို့နယ်အခြေပြု ကျေးရွာနှစ်ဆယ်ကို တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရသည်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံချက် CBT ဆောင်ရွက်ခြင်းကို ၂၀၁၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဒေသခံပြည်သူများ အကြံပြုချက်များအရ ပြည်နယ်အလိုက် အခြေပြု ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်၊ နွယ်ငြိမ်းရွာတွင် ရိုးရာစဥ့်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ကုန်းဘောင်ခေတ်မှ စတင်၍ ခေတ်အဆက်ဆက် လုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ စဥ့်အသင်းသည် ၁၉၈၇ ခုနှစ်မှ စတင်၍ ရှေးဟောင်း စဥ့်သမိုင်းများကို အစပြု ဖော်ထုတ်ခဲ့ရာမှ ရှေးဟောင်း စဥ့်ဖိုပေါင်း တစ်ထောင်ကျော်ကို ရှာဖွေတူးဖော်ခဲ့ပြီး မြန်မာ့စဥ့်ထည်များကို အေဒီ ၅ ရာစုခန့်မှ စတင်ထုတ်လုပ်ခဲ့ကြောင်း အသိအမှတ်ပြုနိုင်ခဲ့သည်။

စဥ့်တည်လုပ်ငန်း၏ ထူးခြားချက်မှာ စဥ့်လုပ်ငန်း၊ အိုးလုပ်ငန်းကဲ့သို့သော လက်မူလုပ်ငန်းများနှင့် အိုးဖုတ်တဲ့ အကြီးစားဖိုကြီးများ ပိဿာချိန် ၅၀ ဝင်ကနေ ၁၅၀ ဝင် စဥ့်အိုးကြီးတွေ ထွက်ရှိရာ ဒေသပင်ဖြစ်ပြီး နွယ်ငြိမ်း၊ ရွှေခွန်၊ ရွှေတိုက်၊ မလား စသည့် ကျေးရွာတွင်လည်း အိုးလုပ်ငန်းဖြင့် အသက်မွေးသူများရှိကာ အဆိုပါ ရိုးရာစဥ့်ထည်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချလျက်ရှိသည်။

J-06

  • VIA