News

POST TYPE

NEWS

ဆဲဆိုနေသူကို ရပ်ကြည့်မိသည့် အမျိုးသားကို လူမိုက်လားဟု မေးမြန်းကာ ဓားဖြင့်ထိုး
12-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (၁) ရပ်ကွက် ကနောင်လမ်းတွင် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁ နာရီခွဲဝန်းကျင်က လမ်းပေါ် အော်ဟစ်ဆဲဆိုနေသူကို ရပ်ကြည့်မိသည့် အမျိုးသားတစ်ဦးအား မင်းက လူမိုက်လားဟု မေးမြန်းကာ ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားထိုးခံရသူ အသက် ၁၉ နှစ် ကိုနိုင်လင်းစိုးမှာ ၎င်း၏ သူငယ်ချင်းနှင့်အတူ လက်ဖက်ရည်ဆိုင်မှ နေအိမ်ပြန်လာစဉ် ကနောင်လမ်းပေါ်တွင် အငှားယာဉ်မောင်းများကို အော်ဟစ် ဆဲဆိုနေသော အမျိုးသားတစ်ဦးကို ၎င်းက ရပ်ကြည့်ခဲ့သည်။ ယင်းသို့ ရပ်ကြည့်နေစဉ် ဆဲဆိုနေသူက ၎င်းတို့ နှစ်ဦးကို မင်းတို့က လူမိုက်လား၊ ဘယ်မှာနေတာလဲဟု မေးမြန်းသဖြင့် ကိုနိုင်လင်းစိုးမှ နွယ်သာဂီ (၈) လမ်းမှာ နေထိုင်ကြောင်း ပြန်ပြောစဉ် ဆဲဆိုနေသော အမျိုးသားက ဘယ်မှာနေနေ ဂရုမစိုက်ဘူးကွာဟု ပြောဆိုပြီး ဓားဖြင့်ထိုးခဲ့သောကြောင့် ကိုနိုင်လင်းစိုး၏ မျက်နှာနှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများ ရခဲ့သည်။ 

အပြင်းအထန် နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် အမျိုးသားကို ဝေဘာဂီနယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03

  • VIA