News

POST TYPE

NEWS

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်း
11-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့် အရေးအခြေအနေကို လေ့လာရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့များသို့  ဒီဇင်ဘာလ ၁၀ ရက်မှစ၍ ခြောက်ရက်ကြာ သွားရောက်လျက်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“အန်ကယ်တို့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရခိုင်အကြမ်းဖက်မှုဖြစ်ပြီးနောက် ဘူးသီးတောင်၊ မောင်တောကို သွားတယ်။ အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ၊ မရှိကို စစ်ဆေးခဲ့တယ်။ 

တွေ့ရှိချက်တွေကို သမ္မတရုံးကို တင်တယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး တစ်လကျော်အကြာမှာ ဘာတွေ တိုးတက်မှု ရှိသလဲကို သိချင်လို့ နောက်တစ်ခေါက် ထပ်သွားတာပါ”ဟု ၎င်းကဆိုသည်။

ခရီးစဉ်ပထမနေ့တွင် စစ်တွေမြို့ပေါ်ရှိ အကျဉ်းထောင်၊ အချုပ်ခန်း၊ ရဲစခန်း၊ တရားရုံး အကျဉ်းထောင်များကို စစ်ဆေးနေကြောင်း၊ ယင်းနောက် ဘူးသီးတောင်၊ မောင်တောမြို့များတွင် အကြမ်းဖက်ခံရမှုကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး နေရာများ၊ ပြန်လည် ထူထောင်ရေး အစီအစဉ်များ၊ အခြေအနေများကို လေ့လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ခရီးစဉ်များမှ တွေ့ရှိချက် အစီရင်ခံစာများကို သမ္မတရုံးသို့ ပြန်လည် တင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဆိုသော နိုင်ငံတကာ၏ စွပ်စွဲချက် ပေါ်ပေါက်လာသည့်အတွက် အောက်တိုဘာလတွင် ကွင်းဆင်း လေ့လာခဲ့သေးသည်။

J-18

  • VIA