News

POST TYPE

NEWS

မန္တလေးတွင် ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများ လျော့နည်းပပျောက်ရေးအဆိုကို တိုင်းလွှတ်တော် အတည်ပြု
11-Dec-2017


မန္တလေး၊ ဒီဇင်ဘာ ၁၁

အများပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး၊ ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများ လျော့နည်းပပျောက်ရေးတို့ကို မန္တလေး တိုင်းအစိုးရအဖွဲ့က အထူး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို ထောက်ခံမဲ ထက်ဝက်ကျော်ဖြင့် မန္တလေးတိုင်းလွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် မန္တလေး တိုင်းလွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ပဉ္စမနေ့ လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို မန္တလေး တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက မှတ်တမ်းတင်ထားရှိရန် ဆွေးနွေးခဲ့သော်လည်း အဆိုရှင်က မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့သည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့်ရှိသူ ၇၁ ဦးအနက် ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၂၄ မဲဖြင့် အဆိုကို အတည်ပြုနိုင်ခဲ့သည်။

“တိုင်းအစိုးရအဖွဲ့ရဲ့ အနီးကပ် လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်တို့ရဲ့ ညွှန်ကြားမှုတွေနဲ့ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ လုံခြုံစိတ်ချစွာ သွားလာနေထိုင်နိုင်ရေး၊ မှုခင်းများ ကျဆင်းစေရေး လုပ်ငန်းတွေကို စီမံချက် ရေးဆွဲပြီး အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။

မန္တလေး တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၏ ပြောကြားချက်များသည် နယ်မြေ ရဲစခန်းများ၏ စာရင်းဇယားများနှင့် မြေပြင် အနေအထား ကွာခြားနေနိုင်ပြီး ရဲတပ်ဖွဲ့ဝင်များအနေနှင့်လည်း လက်ရှိ လုပ်ဆောင်နေသည်ထက် ပိုမို ကောင်းမွန်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်ပေးရန်လိုကြောင်း အဆိုရှင် ဦးတင်အောင်က ပြောဆိုသည်။

“ခုလက်ရှိ လုပ်နေတာတွေထက် ပိုကောင်းအောင် ဘာတွေ လုပ်ဖို့ရှိပါတယ်။ ဘယ်ချိန်မှာ လုပ်မယ်ဆိုတာမျိုးပြောရင် ကျွန်တော်တို့ လက်ခံပါတယ်။ အခုက ဘာတွေ လုပ်နေပါတယ်။ ဘယ်နှမှု  အရေးယူထားပါတယ် ဆိုတာမျိုး ပြောသွားတော့ အဆင်မပြေပါဘူး”ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

မန္တလေးခရိုင်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ လက်ရှိ အချိန်အထိ အမှုကြီး (ခိုးမှု၊ လုယက်မှုများ၊ ကြိုတင် ကာကွယ်မှု)  ၅၁၀၈ မှုဖြစ်ပွားခဲ့ပြီး ၄၈၀၁ မှု ဖော်ထုတ်ဖမ်းဆီးထားပြီးဖြစ်ကြောင်း၊ တစ်ရက်လျှင် ၁၅ မှုနှုန်း ဖြစ်ပွားနေသော်လည်း မန္တလေးမြို့ပေါ်ရှိ လူဦးရေ ၁,၅၇၀,၈၁၁ နှင့် နှိုင်းယှဉ်ပါက အမှုဖြစ်ပွားမှုများသည်ဟု မဆိုနိုင်ကြောင်း နယ်လုံဝန်ကြီးက ပြောဆိုသည်။

M-04

  • VIA