News

POST TYPE

NEWS

ရခိုင်ရိုးမတွင် ဘိန်းခင်းငါးဆယ်ကျော် ဖျက်ဆီး
11-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးနှစ်ခု ထိစပ်နေသည့် ရခိုင်ရိုးမတောင်တန်းတွင် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဘိန်းစိုက်ခင်းဧက ၅၀ ကျော်ခန့်ကို ဖျက်ဆီးပြီးဖြစ်ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်များရှိ ဆက်စပ်တောတွင်း ဧရိယာများတွင် နေထိုင်သော တိုင်းရင်းသားများက မိရိုးဖလာနည်းဖြင့် ဘိန်းစိုက်ပျိုးမှုကို ၁၉၆၀ ခုနှစ်ကျော်ခန့် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သော်လည်း ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် စီးပွားဖြစ်စိုက်ပျိုးသည့် အခြေအနေသို့ ကျယ်ပြန့်လာပြီး ရခိုင်ရိုးမ တောင်တန်းဒေသများပါ ပါဝင်လာခြင်းဖြစ်ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်ထွေးက ပြောကြားသည်။

“ဘိန်းစိုက်ဧရိယာ မဟုတ်ပေမယ့် ရိုးမတောနက်တွေထဲမှာ ချဲ့ထွင်စိုက်လာတဲ့ သဘောပါပဲ။ သတင်းထောက်လှမ်းပြီး ရဲတပ်ဖွဲ့အင်အားနဲ့ သွားရောက်ဖျက်ဆီးခဲ့တယ်။ စုစုပေါင်း ဧက ငါးဆယ်ကျော်လောက်ပဲ ရှိပါတယ်” ဟု  ၎င်းကဆိုသည်။

ထိုသို့ ဖျက်ဆီးခဲ့သော ဘိန်းစိုက်ခင်းများသည် မကွေးတိုင်းနှင့် ရခိုင်ရိုးမထိစပ်သည့် နတ်ရေကန်တောင်ဒေသရှိ ကျေးရွာစိုက်ခင်းများတွင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကလည်း ဘိန်းစိုက်ဧက ၂၀ ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ရိုးမနဲ့ နီးစပ်တဲ့နေရာက နှစ်ပေါင်းများစွာကတည်းက တစ်ပိုင်တစ်နိုင်ပုံစံနဲ့ စိုက်လာကြတာ။ ကျေးရွာတွေအနေနဲ့ ဘိန်းစိုက်ပျိုးမှု မလုပ်ဖို့တော့ ပညာပေးရေး အစီအစဉ်တွေလုပ်ရမယ်။ ထောက်ပံ့မှုနဲ့ အစားထိုးသီးနှံစနစ်ကို ဖော်ဆောင်ဖို့ စည်းရုံးသိမ်းသွင်းရမှာပေါ့” ဟု မကွေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးအဆင့် သတ်မှတ်ခံထားရသော မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၆ ရက်က ထုတ်ပြန်ထားသည်။

ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့သည့်စာရင်းတွင် အစားထိုးသီးနှံအစီအစဉ်များ ပြုလုပ်နိုင်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းအရှေ့ပိုင်းဒေသများတွင်ဖြစ်ပြီး ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တို့တွင်မူ ကျဆင်းမှုနည်းပါးဆဲဖြစ်ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ( စီမံကိန်းဌာနမှူး) ရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုကို ထုတ်လုပ်မှုမြင့်မားသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အစိုးရနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစားထိုးသီးနှံစနစ် ဖော်ဆောင်ရန် ဦးစားပေးဆောင်ရွက်နေသော်လည်း  ယခုနောက်ပိုင်းတွင် ရိုးမတောင်တန်းဒေသများဖြင့် ထိစပ်သော မကွေး၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တစ်ပိုင်တစ်နိုင် အဆင့်ထက် ကျော်လွန်စိုက်ပျိုးမှုများ ရှိလာခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

J-17

  • VIA