News

POST TYPE

NEWS

ဆူဇူကီးကားထုတ်လုပ်မှု တစ်လနားမည်
11-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တောင်ဒဂုံစက်မှုဇုန်၌ တပ်ဆင်ထုတ်လုပ်နေသော ဆူဇူကီးကားစက်ရုံကို သီလဝါစက်မှုဇုန်ရှိ ဆူဇူကီးကားစက်ရုံသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ပြောင်းရွှေ့မည်ဖြစ်သည့်အတွက် ကားထုတ်လုပ်ခြင်းကို တစ်လခန့် ရပ်နားမည်ဖြစ်ကြောင်း ဆူဇူကီးမြန်မာထံမှ သိရသည်။

ဆူဇူကီးက ထုတ်လုပ်နေသည့် Suzuki Ciaz နှင့် Ertiga ကားအမျိုးအစားများ ထုတ်လုပ်မှုကို ဈေးကွက် လိုအပ်ချက် ပမာဏအတိုင်း ထုတ်လုပ်နိုင်စေရန် တောင်ဒဂုံစက်ရုံ၌ တပ်ဆင်ထုတ်လုပ်ခဲ့ရာမှ ပိုမိုကျယ်ဝန်းသော သီလဝါစက်ရုံသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ထို့ကြောင့် ထုတ်လုပ်တပ်ဆင်ရေး စက်ကိရိယာများကို ရွှေ့ပြောင်းရမည် ဖြစ်သည့်အတွက် ဒီဇင်ဘာလအတွင်း ကားထုတ်လုပ်မှုများကို ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလဆန်း၌ Ciaz ကားများ လက်ခံရရှိမည့် ဝယ်ယူသူများသည် ကားလက်ခံရရှိမှု တစ်လခန့် နောက်ကျမည်ဖြစ်ပြီး ဇန်နဝါရီလတွင် ၂၀၁၈ ခုနှစ်ထုတ် Ciaz ကားသစ်များကို လက်ခံရရှိမည်ဖြစ်ကြောင်း ဆူဇူကီး၏ အရောင်းကိုယ်စားလှယ်များက ပြောကြားသည်။

၂၀၁၈ ခုနှစ်ထုတ် Suzuki Ciaz ကားများ၏ စက်ရုံထုတ်ဈေးမှာ ယခင်ဈေးထက် ကျပ် ၁၇၀,ဝ၀ဝ ခန့် ဈေးပိုများသွားမည် ဖြစ်သည့်အတွက် Ciaz တစ်စီးလျှင် ကျပ် ၂၄၆ သိန်းကျော်နှင့် Ertiga ၂၀၁၈ မော်ဒယ်လ်တစ်စီးလျှင် ကျပ် ၂၃၁ သိန်းကျော် ဈေးရှိမည်ဖြစ်ကြောင်း ဆူဇူကီးမြန်မာထံမှ သိရသည်။

တောင်ဒဂုံစက်မှုဇုန်အတွင်းရှိ စက်ရုံက ဆူဇူကီးကယ်ရီထရပ်များကို ၂၀၁၄ ခုနှစ်အထိ အစီးရေ ၁၄၀ဝ ကျော် ထုတ်လုပ်ခဲ့ပြီး ဆူဇူကီး Ertiga ကို ၂၀၁၆ ခုနှစ်အတွင်းက ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့ကာ Ciaz ကို ၂၀၁၇ ခုနှစ်အတွင်း ဖြန့်ချိရောင်းချခဲ့သည်။

S-04

  • VIA