News

POST TYPE

NEWS

ဦးပိုင်နှင့် တရုတ်ကုမ္ပဏီ အကျိုးတူ ပူးပေါင်း တည်ဆောက်မည့် ရေနံချက်စက်ရုံ ဖျက်သိမ်း
07-Dec-2017 tagged as တရုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၇

တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်တို့က ပူးပေါင်း တည်ဆောက်မည့် ရေနံချက်စက်ရုံတစ်ခု ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံ ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် အဆိုပါ ရေနံချက်စက်ရုံကို ထားဝယ်ဒေသတွင် ပူးပေါင်း တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ပြီး ယခင်အစိုးရ လက်ထက်က ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ယခု အစိုးရသစ် လက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“အခု ဒီလိုပြန်ရုပ်သိမ်းတာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ဂျပန်လေကြောင်းလိုင်းပေါ့။ သူတို့က MIC က ခွင့်ပြုမိန့်ရပြီးပြီ။ ဝန်ကြီးဌာနဘက်က မရလို့ ရုပ်သိမ်းသွားတာ။ ရေနံချက်စက်ရုံက မြန်မာ့စီးပွားရေး ဦးပိုင်ဘက်က ဆက်မလုပ်တော့ဘူးဆိုလို့ ရုပ်သိမ်းလိုက်တာ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ယင်းရေနံချက် စက်ရုံကိစ္စတွင် တရုတ်ကုမ္ပဏီဘက်က ငွေရေး ကြေးရေး ပြဿနာ ဖြစ်သည့်အတွက် လုပ်ငန်း ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ပြီး ဒေသခံများဘက်ကလည်း စက်ရုံထူထောင်ရန် မလိုလားသည့် အနေအထားများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းကဏ္ဍမှာ ယခင်အစိုးရလက်ထက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းနှင့် ဝင်ရောက်ခဲ့ပြီး ယခုအစိုးရသစ် ၂ နှစ်တာကာလအတွင်း ယင်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဝင်ရောက်ခြင်း မရှိတော့ပေ။

J-13