News

POST TYPE

NEWS

၂ တန်းကျောင်းသားမျက်နှာတွင် လက်သည်းကုတ်ခြစ် ဒဏ်ရာရသဖြင့် သင်ကြားသည့်ဆရာမကို ယာယီရပ်ဆိုင်း
07-Dec-2017 tagged as ကလေးမြို့

ကလေး၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း ကလေးမြို့ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ)တွင် ပညာသင်ကြားနေသော ၂ တန်းကျောင်းသား၏ မျက်နှာတွင် လက်သည်းကုတ်ခြစ်ဒဏ်ရာရသဖြင့် သင်ကြားပေးသော ဆရာမကို စာသင်ကြားခွင့် ယာယီ ရပ်ဆိုင်းထားကြောင်း အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ) တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်က ပြောသည်။

ကျောင်းဆရာမ ဒေါ်မန်ရှန်းလွန် (၃၃ နှစ်)က နိုဝင်ဘာလ ၂၉ ရက်က တောင်ဇလပ်ရပ်ကွက်ရှိ အသက် ၈ နှစ်အရွယ် ကျောင်းသား၏ နေအိမ်တွင် မြန်မာစာ သင်ကြားပေးစဉ် ကလေး၏မျက်နှာကို လက်သည်းဖြင့် ဆိတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက် ကျောင်းသား၏ မျက်နှာတွင် ဒဏ်ရာများ တွေ့သဖြင့် အတန်းပိုင်မှူးက ကျောင်းအုပ် ဆရာမကြီးထံ အကြောင်း ကြားခဲ့ကြောင်း၊ ယင်းနောက် ကျောင်းသားနှင့်အတူ ဆရာ၊ ဆရာမများကို မေးမြန်းရာမှ လက်သည်းဖြင့် ဆိတ်ခံရသည်ကိုသိရကြောင်း ၎င်းက ရှင်းပြသည်။ 

ကျောင်းသားကို လက်သည်းဖြင့် ဆွဲဆိတ်သော ဆရာမနှင့် ကျောင်းသား၏ အုပ်ထိန်းသူများကို ဒီဇင်ဘာလ ၆ ရက်က ကျောင်းတာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ပြီး ရရှိလာသော အချက်အလက်များကို ခရိုင်နှင့် တိုင်းဒေသကြီး ပညာရေးမှူးထံ တင်ပြထားကြောင်း ကလေးမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင် မိသားစုနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံကာ ကာယကံရှင် မိသားစုကို ဒီဇင်ဘာလ ၆ ရက်နေ့ တောင်းပန်ခဲ့သဖြင့် ကျေအေးခဲ့ကြောင်း ကျောင်းသား၏ အုပ်ထိန်းသူများက ပြောသည်။

“ကျွန်မတို့က အမှန်တရားကို ကြည့်မယ်၊ ပညာရေးကလည်း သူတို့ ဥပဒေလမ်းကြောင်းအတိုင်း သွားမှာပေါ့၊ ကျွန်မတို့ဘက်ကလည်း တရားသဖြင့် ဖြစ်ရဲ့လားဆိုတာ ကြည့်ရမှာပေါ့”ဟု ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူက ပြောသည်။

R-20