News

POST TYPE

NEWS

မန္တလေးမြို့တော်ရှိ အဝေးပြေး ယာဉ်ရပ်နားစခန်းများကို နှစ်ရှည်စီမံကိန်းဖြင့် အဆင့်မြှင့်မည်

မန္တလေး၊ ဒီဇင်ဘာ ၇

မန္တလေးမြို့တော်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများကို နှစ်ရှည် စီမံကိန်းအဖြစ် အပိုင်းလိုက် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်က ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော်၊ အဋ္ဌမ ပုံမှန် အစည်းအဝေး တတိယနေ့တွင် ပြောကြားခဲ့သည်။

“ခရီးသည်တွေအနေနဲ့ ကားကြီးကွင်းတွေမှာ သတင်း အချက်အလက်တွေ ပြည့်စုံစွာ ရရှိဖို့ဆိုရင် အကြီးစား အဆင့်မြှင့်တင်ရပါမယ်။ အဲဒီလို လုပ်နိုင်ရင် လုံခြုံရေးအရလည်း နိုင်ငံခြားသား ခရီးသည်တွေကို စိစစ်နိုင်မယ်။ ဆိုက်ရောက်၊ ထွက်ခွာ၊ ခရီးသည် နားနေဆောင်တွေနဲ့ နိုင်ငံတကာ ခရီးသွား ကားကွင်းတွေလို ဖော်ထုတ်နိုင်ဖိုဆိုရင် ကုန်ကျစရိတ် များတဲ့အတွက် ရေရှည်စီမံကိန်းနဲ့ လုပ်ရပါမယ်။ အစိုးရနဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေပံ့ပိုးမှုတွေလည်း လိုပါတယ်”ဟု ဒေါက်တာရဲလွင်က ပြောကြားသည်။

ကျွဲဆည်ကန်ကားဝင်းကို နိုင်ငံတကာ အဆင့်မီ ခရီးသည်တင်ယာဉ် ရပ်နားစခန်း ဖြစ်စေရန်အတွက် လက်မှတ်အရောင်းဌာနများ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို M.Development Corportation (Myanmar) ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နားစခန်းကိုလည်း မြေနေရာ ကျယ်ဝန်းသည့် ၄၁ လမ်းနေရာသို့ ပြောင်းရွှေ့ တည်ဆောက်ရန် စီစဉ်နေကြောင်း မြို့တော်စည်ပင်ထံမှလည်း သိရသည်။

မန္တလေးမြို့တွင် ချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်း၊ သီရိမန္တလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ပြည်ကြီး မျက်ရှင် အဝေးပြေးယာဉ်ရပ်နားစခန်း၊  ဒေါနဘွား အဝေးပြေးယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ပြည်ကြီး မင်္ဂလာယာဉ်ရပ်နား စခန်းတို့ရှိရာ ယင်းတို့အနက် ချမ်းမြရွှေပြည် အဝေးပြေးယာဉ် ရပ်နားစခန်းနှင့် သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတို့သည် ယာဉ်လိုင်း အများဆုံး ဖြစ်သည့်နည်းတူ ခရီးသည်များအတွက် အဆင်မပြေမှု အများဆုံးဖြစ်ရာ ယာဉ်ရပ်နားစခန်းများဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“မန္တလေးမြို့မှာက ကားကွင်း ခြောက်ခုရှိတယ်။ ချမ်းမြရွှေပြည် ကားကွင်းနဲ့ သီရိမန္တလာ ကားကွင်းက ယာဉ်လိုင်း အများဆုံးပဲ။ ကားကွင်းရဲ့ အကျယ်အဝန်းနဲ့ မော်တော်ယာဉ် အချိုးက မမျှဘူး”ဟု အောင်မြေသာစံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က ပြောကြားခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ခရီးသည်တင်ယာဉ် ရပ်နားစခန်းကို အဆင့်မြှင့်တင်နိုင်ရန် ပြည်ကြီး တံခွန်မြို့နယ် တံခွန်တိုင်အဝိုင်း ပတ်အနီး MICT Park ဝင်းအတွင်းရှိ မြေ ၁၀ ဧကပေါ်တွင် ယာယီ ယာဉ်ရပ်နားစခန်းအဖြစ် ထားရှိမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

M-04