News

POST TYPE

NEWS

ရန်ကုန် - စစ်တွေ ကားလမ်းရှိ တံတားများတွင် လုံခြုံရေးတိုးချမည်
ရန်ကုန်၊ ဒီဇင်ဘာ ၇

ကျောက်တော်မြို့နယ် ရန်ကုန်- စစ်တွေ ကားလမ်းရှိ တံတားသံပေါင်တွင် ဒီဇင်ဘာလ ၇ ရက်၊ နံနက် ၈ နာရီခန့်က မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း နှစ်လုံးကို      အချိန်မီ သိမ်းဆည်းလိုက်နိုင်သော်လည်း ကားလမ်းတစ်လျှောက်တွင် လုံခြုံရေး တိုးချရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

ရန်ကုန် - စစ်တွေ ကားလမ်းတွင် ယခုနှစ်အတွင်း ပေါက်ကွဲမှု အပါအဝင် ချိန်ကိုက်မိုင်း ဆယ်ကြိမ်ခန့် တွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါ လမ်းတစ်လျှောက်ရှိ တံတားအစင်း ၁၈၀ ကျော်၌ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ကျေးရွာ လုံခြုံရေးအဖွဲ့များဖြင့် လုံခြုံရေး တိုးချထားမည်ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ရန်ကုန် - စစ်တွေ ကားလမ်းသည် ရခိုင်ပြည်နယ်အတွက် ကုန်စည်ကူးသန်းရာတွင် အဓိက ဖြတ်သန်းသွားလာရသော လမ်းတစ်ခုဖြစ်ခြင်းကြောင့် ကားလမ်းတစ်လျှောက်ရှိ တံတားများတွင် ပစ်မှတ်ထား ဖောက်ခွဲမှုများကို ကာကွယ်တားဆီးရန် စီစဉ်ခြင်းဖြစ်ကြောင်း ရဲမှူးကြီးအောင်မြတ်မိုးက ဆိုသည်။

“တပ်မတော် မိုင်းရှင်းရေးအဖွဲ့က လာဆောင်ရွက်သွားတယ်။ အချိန်အနည်းငယ်တော့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သွားတယ်။ အခုကတော့ နယ်မြေအလိုက် ကားလမ်း တံတားတွေကို လုံခြုံရေး တင်းကျပ် စစ်ဆေးတာတွေ တောက်လျှောက် လုပ်တော့မယ်”ဟု ၎င်းက ဆိုသည်။

ထို့သို လက်လုပ်မိုင်းဖြင့် အချိန်ကိုက် ဖောက်ခွဲမည့်တံတားမှာ ကျောက်တော်မြို့နယ်အပိုင်တွင်ရှိပြီး ယမ်းပြင်းကို အသုံးပြုထုပ်ပိုး၍ ဘက်ထရီခြောက်ဖြင့် တိုက်ရိုက် သွယ်တန်းသည့် မိုင်းထုပ်နှစ်ထုပ်ဖြစ်ကြောင်း၊ ယာဉ်ဖြတ်သန်းသွားလာမှု အများဆုံး နံနက်ပိုင်းတွင် အချိန်ကိုက် ပေါက်ကွဲစေရန် ထောင်ထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အကြမ်းဖက် ဖောက်ခွဲဖို့ ကြံစည်သူတွေကို အရေးယူဖို့ စုံစမ်းဖော်နေတယ်။ လုံခြုံရေးပိုင်း အမြင့်ဆုံးမှာ ထားတယ်။ နယ်မြေခံ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့တွေကလည်း ရဲတပ်ဖွဲ့နဲ့အတူ အချိန်ပြည့် ပူးပေါင်း စောင်ကြည့်စစ်ဆေးပါ့မယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

ယခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုအနေဖြင့် မင်းပြားမြို့နယ်အပိုင် ရန်ကုန် - စစ်တွေ ကားလမ်းပေါ်တွင် စက်တင်ဘာလ ၁၉ ရက်နှင့် နိုဝင်ဘာလ ၁၅ ရက်တို့တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးစဉ် အဆိုပါမြို့နယ်ရှိ တန်ဆိပ်ကျေးရွာတွင် ဘင်္ဂါလီအမျိုးသား သုံးဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

J-17