News

POST TYPE

NEWS

ရုရှားသမ္မတပူတင်က ၎င်းသာ ပြန်အရွေးခံရမည်ဟု ပြောကြား
07-Dec-2017 tagged as သမ္မတ ရုရှား


မော်စကို၊ ဒီဇင်ဘာ ၇

ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံ၏ ဆိုးဝါးသောနိုင်ငံရေး လျှို့ဝှက်ကိစ္စများကို ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပြီးလာမည့် ၂၀၁၈ မတ်လ ရွေးကောက်ပွဲတွင် ၎င်းသာလျှင် ပြန်အရွေးခံရလိမ့်မည်ဟု ပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၂၀ဝ၀ ခုနှစ်ကတည်းက သမ္မတရာထူးဖြင့်ဖြစ်စေ၊ ဝန်ကြီးချုပ်ရာထူးဖြင့်ဖြစ်စေ အာဏာကို ချုပ်ကိုင်ထားခဲ့သော ပူတင် ၆၅ နှစ်သည် အာဏာရှင် စတာလင်ကို မမီသော်လည်း စစ်အေးခေတ် သမ္မတ ဘရက်ဇညက်ထက် အာဏာသက်တမ်း ပိုကြာသူဖြစ်သည်။

ရွေးကောက်ပွဲတွင် ပူတင် အနိုင်ရပါက စတုတ္ထမြောက် ခြောက်နှစ်သက်တမ်းအဖြစ် ၂၀၂၄ အထိ တာဝန်ယူခွင့်ရမည်ဖြစ်သည်။

နိုင်ငံပိုင်ရုပ်သံ၏ ဘက်လိုက်ပံ့ပိုးမှုကို ရရှိထားသူ ပူတင်သည် လူကြိုက်များမှု ရာခိုင်နှုန်း ၈၀ ခန့် ပုံမှန် ရရှိနေပြီးလာမည့် ရွေးကောက်ပွဲတွင် ထပ်မံ အရွေးခံလိမ့်ဦးမည်ဟု အများက မျှော်လင့်ထားကြပြီး ဖြစ်သည်။

ဗောလ်ဂါမြစ်ဘေးရှိ နစ်ဇီနိုဗဂိုရော့မြို့တွင် ကားထုတ်လုပ်သော စက်ရုံမှ အလုပ်သမားများနှင့် တွေ့ဆုံစဉ် ပူတင်က ထိုသို့ ကြေညာခဲ့ခြင်းဖြစ်ပြီး စက်ရုံလုပ်သားများက ရုရှားဟု ကြွေးကြော်ကာ  ၎င်းကို ထောက်ခံခဲ့ကြသည်။

ရုရှား၏ မဟာမိတ်များက ပူတင်သည် ရုရှား၏ ဂုဏ်သိက္ခာကို အရောင်ပြန်တင်ပေးသူ၊ ဆီးရီးယားနှင့် ယူကရိန်းတွင် စွက်ဖက်ခြင်းဖြင့် ရုရှားဩဇာကို ချဲ့ထွင်သူ နိုင်ငံ၏ဖခင်ဖြစ်သည်ဟု အမွှန်းတင်ကြသည်။

၎င်းကို ဝေဖန်သူများကမူ ပူတင်သည် အဂတိ လိုက်စားသော အာဏာရှင်စနစ်ကို ဦးဆောင်နေသူ၊ ကရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်မှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အပယ်ခံရသူဟု မှတ်ချက်ပေးကြသည်။

ရာဇဝတ်မှု ဆက်နွှယ်မှုဖြင့် ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံရသူ အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာနီက “ပူတင်က ၂၁ နှစ်လောက် အာဏာကို လိုချင်နေတယ်။ တကယ်က ရှိသင့်တာထက် လွန်နေပါပြီ။ ကျွန်တော်တို့ သဘောမတူပါဘူး”ဟု လူမှုမီဒီယာတွင် ပြောဆိုထားသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ပိတ်ပင်ခြင်း ခံထားရသော်လည်း နာဗာနီသည် ဆန္ဒပြပွဲများနှင့် မဲဆွယ်ရေးရုံးများကို စီစဉ်နေပြီး သမ္မတရွေးပွဲ ယှဉ်ပြိုင်ခွင့်ရအောင်  ဖိအားပေးနိုင်မည်ဟု မျှော်လင့်နေသည်။

အမှန်တကယ်တွင် ပူတင်အတွက် စိန်ခေါ်မှုမှာ ၎င်းကို ဖြုတ်ချနိုင်သည်ဟု ယူဆရသော နာဗာနီ အပါအဝင် အခြားသမ္မတလောင်းများ မဟုတ်ကြပေ။ ပူတင်အတွက် ခက်ခဲသောအလုပ်မှာ ရုရှား၏ တင်းကျပ်စွာ ဖိနှိပ်ထားသော နိုင်ငံရေးစနစ်အတွင်း စိတ်အားထက်သန်မှု မရှိသော မဲဆန္ဒရှင်များကို မဲရုံများသို့ အမြောက်အမြား လာရောက် မဲပေးစေရန် စည်းရုံးရေးပင်ဖြစ်သည်။

မတ်လ ရွေးကောက်ပွဲတွင် မည်သူနိုင်မလဲဟူသော စိတ်လှုပ်ရှားစရာ အတွေးအစား ပူတင်၏ နောက်ဆုံးသက်တမ်းပြီးလျှင် ဘာဖြစ်မလဲဟူသော မရေရာမှုက လွှမ်းမိုးနေသည်။

ပူတင်အနေနှင့် ပြန်အရွေးခံရပြီးလျှင် ဒီမီထရီမက်ဒီဗက်ကို ဝန်ကြီးချုပ် နေရာပြန်ပေးမလား သို့မဟုတ် အခြားတစ်ယောက်ကို ခန့်မလားဆိုသည်ကို ရွေးချယ်ရတော့မည်ဖြစ်သည်။ ၎င်းအား ဆက်ခံမည့်သူဟု ယူဆရသည့် ဝန်ကြီးချုပ်ရာထူးကို မည်သူရသည်ဖြစ်စေ၊ ထိုဆုံးဖြတ်ချက်က ဆက်ခံရေး လျှို့ဝှက် အစီအစဉ်များကို အစပြုမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ကရင်မလင်အတွက် အကြီးမားဆုံး ဖြစ်နိုင်သောကိစ္စတစ်ခုမှာ ပူတင်အနေနှင့် ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရနိုင်သောအချက်ဖြစ်သည်။

အကဲခတ်များက သံသယရှိသောအချက်မှာ ခရင်မလင်သည် အတိုက်အခံ လစ်ဘရယ်များ၏မဲကို ပြန့်သွားစေရန်အတွက် ပူတင်၏ နိုင်ငံရေး အကြံပေးတစ်ဦး၏ သမီးဖြစ်သူ ရုပ်သံဆယ်လီဆီနီယာဆိုဘက်ကို ရွေးကောက်ပွဲဝင်ရန် ထိုးထည့်နေသည့်ကိစ္စဖြစ်သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ထိုကိစ္စသည် ကရင်မလင်၏ အစီအမံ မဟုတ်ဟု ငြင်းဆိုသည်။ နိုင်ငံရေးဝါနုသူ မိန်းကလေးဆိုဘက်ကမူ ထုံးစံအတိုင်း ပူတင် အနိုင်ရဖွယ် ရှိသော်လည်း သူမအနေနှင့် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်မည်မဟုတ်ဟု ပြောကြားသည်။

မတ်လ သမ္မတရွေးပွဲတွင် နိုင်ငံရေးလက်ဟောင်းကြီးများဖြစ်သော ကွန်မြူနစ်ခေါင်းဆောင် ဇူဂါနော့ဗ် ၇၃ နှစ်နှင့် အမျိုးသားရေးဝါဒီ ဇီရီနော့ဗ်စကီး ၇၁ နှစ်တို့လည်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ခရင်မလင်၏ မူဝါဒများကို ထောက်ခံသူများဖြစ်ပြီး အကြိမ်ကြိမ် ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသူများ ဖြစ်သောကြောင့် စစ်မှန်သော ရွေးကောက်ပွဲဟု ထင်မှတ်မှားအောင် ဖန်တီးထားမှု ဖြစ်သည်ဟု အကဲခတ် ဝေဖန်သူများက မှတ်ချက်ပေးထားသည်။

F-04