News

POST TYPE

NEWS

ရန်ကုန် လူဆိုးလူမိုက် အယောက် ၁၅၀ဝ နီးပါးကို ခြေချုပ်နှင့် ခံဝန်အက်ဥပဒေဖြင့် အရေးယူ
ရန်ကုန်၊ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း သက်ဆိုင်ရာ နယ်မြေအလိုက် ဆိုးသွမ်းရမ်းကားနေသော လူဆိုးလူမိုက် အယောက် ၁၅၀ဝ နီးပါးကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရာဇဝတ်မှုတွေ မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြစ်မှု ကျူးလွန်လာနိုင်တဲ့သူတွေကို ခြေချုပ်နဲ့ အရေးယူထားတာပါ။ အရေးယူထားသူတွေထဲမှာ ထောင်ထွက်တွေ အများဆုံးပါတယ်”ဟု ရဲအရာရှိက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှာ အခြား တိုင်းနှင့်ပြည်နယ်များထက် နှစ်စဉ် မှုခင်းဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်နေသဖြင့် မှုခင်းကျဆင်းစေရေးအတွက် ယခုနှစ် မေလမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စွန်ရဲစီမံချက်ကို နယ်မြေအနှံ့တွင် ဆောင်ရွက်ကာ ဒုစရိုက်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး မှုခင်းကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို လူထုနှင့်ပူးပေါင်းကာ နေ့ညမပြတ် လုံခြုံရေး အစီအမံများကို အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။ 

ယင်းသို့ ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၁၁ လအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်မှုမှ မသင်္ကာသူ အယောက် ၄၃၀ဝ ကျော်နှင့် မူးယစ်ရမ်းကားသူ အယောက် ၅၀ဝ၀ ကျော်တို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး လက်နက်ပုန်းမှု၊ ပြည့်တန်ဆာမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုများအပါအဝင် ကြိုတင်ကာကွယ်မှု အမှုပေါင်း ၁၀ မှုမှ အမှု ၄၈,၄၉၆ မှုတို့ကို အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မှုခင်းကြိုတင် ကာကွယ်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူအသုံးပြုနိုင်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှလည်း ငွေကြေး ထောက်ပံ့လှူဒါန်းမှုများ ယခုနှစ်တွင် စတင်ခဲ့ပြီး စွန်ရဲစီမံချက်ကို မေလ ၁ ရက်နေ့မှစတင်ကာ နှစ်လတစ်ကြိမ် ဆောင်ရွက်ခဲ့ရာ ယခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စွန်ရဲ စီမံချက် အမှတ်စဉ် (၅) အထိသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03