News

POST TYPE

NEWS

မန္တလေးတိုင်းအတွင်းရှိ ကျောင်းသား ခုနစ်သောင်းခန့်ကို နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေး

မိတ္ထီလာ၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ခုနစ်သောင်းခန့်အတွက် နိုင်ငံသားစိစစ်ရေးကတ်များကို မန္တလေးတိုင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနက ဒီဇင်ဘာလ ၆ ရက်နေ့က ပေးအပ်ခဲ့သည်။

ယင်းသို့ထုတ်ပေးနိုင်ရန် ကွင်းဆင်း ကောက်ခံမှုများကို ဇူလိုင်လကတည်းက စတင်ပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၈၀,ဝ၀ဝ ကျော်အနက်မှ ၆၈,ဝ၀ဝ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက် ပြုလုပ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ချယ်က ပြောကြားသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်သိန်းနီးပါး ပေးအပ်ခဲ့သော်လည်း ခရိုင်အလိုက် ခွဲခြားပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်သည် အရေအတွက် အများဆုံးဖြင့် ပထမဆုံးအကြိမ် အစုလိုက် အပြုံလိုက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ပညာသင်နှစ် ကုန်ဆုံးချိန်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား စုစုပေါင်း ၇၀,ဝ၀ဝ မှ ၈၀,ဝ၀ဝ အကြား ပေးအပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း တိုင်းလဝက ဒုတိုင်းဦးစီးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနနှင့် UNITED PACIFIC CO., LTD, ADVANCED MYANMAR STAR CO.,LTD. တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မျိုးဆက်သစ် လူငယ်များကို ပြစုပျိုးထောင်သည့်နေရာတွင် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ထုတ်ကုန်များကို သုံးစွဲနေသော ပြည်သူများကို ကျေးဇူးဆပ်သည့်အနေနှင့် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဈေးကွက် ဒါရိုက်တာ ဒေါ်အေးမိစံက ပြောကြားသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၂၈ ခုမှ ကျောင်သား ကျောင်းသူ ၆၇,၀၇၅ ဦး အပြင် ချမ်းအေးသာစံမြို့နယ်မှ ဒေသခံ ၅၅၄ ဦး၊ အမရပူရမြို့နယ်မှ ဒေသခံ ၇၃၀ ဦးနှင့် ပုဏ္ဏားလူမျိုး ၃၂ ဦးတို့ကိုလည်း နိုင်ငံသား စိစစ်ရေးကတ်များ ပေးအပ်ခဲ့ကြောင်း အခမ်းအနား အစီအစဉ်များအရ သိရသည်။

M-05