News

POST TYPE

NEWS

မြန်မာ့ငါးဖမ်းရေယာဉ် ပင်လယ်တွင်နစ်မြုပ် တစ်ဦးသေ၊ လေးဦးပျောက်ဆုံး
ပုသိမ်၊ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီးဖျာပုံမြို့မှ ရေမိုင် ၄၅ မိုင်အကွာ ပင်လယ်ရေလံ ၂၂ လံရှိနေရာတွင် ရေယာဉ်အမှတ် ၁၅၇ “ရွှေပင်လယ်” အမည်ရှိ ငါးဖမ်း(ဆွဲပိုက်)ရေယာဉ်မှာ ဒီဇင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲက နေရာရွှေ့ပြောင်းစဉ် လှိုင်းကြီးသဖြင့်  သင်္ဘောနစ်မြုပ်ရာမှ ရေလုပ်သားတစ်ဦးသေဆုံးပြီး၊ လေးဦးပျောက်ဆုံးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

ငါးဖမ်းရေယာဉ်ပေါ်တွင် လုပ်သား ၁၉ ဦးပါရှိသည့်အနက် ၁၄ ဦးကို အနီးရှိငါးပေါင်းသင်္ဘောများက ကယ်ဆယ်နိုင်ခဲ့သော်လည်း ဒလမြို့ ကမာကဆစ် ရပ်ကွက်တွင်နေထိုင်သော ကိုမျိုးနိုင် (၃၀နှစ်ခန့်)မှာ သေဆုံးခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများမှာ ပုသိမ်နှင့်လပွတ္တာမြို့တွင်နေထိုင်သည့် အသက် ၃၀ နှစ်မှ ၄၀ကြားရှိ  အမျိုးသားလေးဦးဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများကို  ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းအထိ ရှာမတွေ့သေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်းအရာရှိ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။ 

“ရေယာဉ်မောင်းနှင်သူပေါ့ဆတာကြောင့် ဖြစ်တာလား၊ သဘာဝရာသီဥတုကြောင့်ဖြစ်တာလား၊ အခြားကြောင့်ဖြစ်တာလားဆိုတာကို စစ်ဆေးနေဆဲပါ၊ ပျောက်ဆုံးသူတွေကိုလည်း ဆက်ရှာနေပါတယ်” ဟု ၎င်းက ပြောသည်။ 

ယင်းရေယာဉ်ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ နေထိုင်သူ ဦးဇော်ဝင်းဖြစ်ကြောင်း၊ ပင်လယ်ပြင်တွင် ငါးဖမ်းရန် အလုပ်သမား ၁၉ ဦးဖြင့် စက်တင်ဘာလကုန်ခန့်က ရန်ကုန်ဆိပ်ကမ်းမှ စတင်ထွက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးရမိသော ငါးများအား ငါးပေါင်းသင်္ဘောသို့ ပို့ဆောင်ရန်အတွက် ဖျာပုံမြစ်အတွင်းသို့ဝင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက် နံနက် ၁၁ နာရီက ငါးပေါင်းသင်္ဘောအတွင်း ငါးများပို့ဆောင်ပေါင်းထည့်ပြီး ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ သိရသည်။ 

အဆိုပါ ရေယာဉ်နစ်မြုပ်မှုကြောင့်  တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်၊ ချောင်းပြားကြီးကျေးရွာတွင်နေထိုင်သော ရေယာဉ်မောင်းနှင်သူ (ပဲ့နင်း) အသက် ၄၅ နှစ်ရှိ ဦးသိန်းစိုးကို အမှုဖွင့်ကာစစ်ဆေးနေကြောင်း ဖျာပုံမြို့မရဲစခန်းထံမှ သိရသည်။ 

R-12