News

POST TYPE

NEWS

ဂရန်စည်းကမ်းနှင့်မညီသောမြေကွက်များ ပြန်သိမ်းမည်
07-Dec-2017 tagged as မန္တလေး

မန္တလေး၊ ဒီဇင်ဘာ ၆

မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လူနေထိုင်ခြင်းမရှိသည့်အပြင် ဂရန်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိသော မြေကွက်များကို ကွင်းဆင်းစစ်ဆေးကာ ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော်  အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (ဒီဇင်ဘာ ၆) ရက်နေ့တွင် ပြောကြားသည်။

လူနေထိုင်ခြင်းမရှိသည့် မြေကွက်များကို ကွင်းဆင်းကောက်ယူ၍ မည်သည့်မြေကွက်အရွယ်အစားကိုမဆိုတိုင်း အစိုးရအဖွဲ့ထံတင်ပြပြီး စည်ပင်ဥပဒေအတိုင်း လုပ်ဆောင်မည်ဟု ၎င်းက ပြောဆိုသည်။

ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးတင်အောင်၏ မန္တလေးခရိုင်အတွင်း လူနေထိုင်ရန်ချထားပေးခဲ့သည့်  အကွက်ကျယ် (ဧက) ဂရန်ချထားပေးသော မြေကွက်များကို စာရင်းကောက်ယူပြီးနောက် ဂရန်စည်းကမ်းနှင့်မညီသောမြေကွက်များအား ပြန်လည်သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မန္တလေးမြို့အတွင်းမှာ အဆောက်အအုံဆောက်လုပ်ခြင်းမရှိတဲ့မြေလွတ်၊ မြေကွက်လပ်တွေကို စည်ပင်ဥပဒေနဲ့အညီ အရေးယူမှာပါ။ အဲဒီလိုမလုပ်ချင်လို့ ဖေဖော်ဝါရီ ၁၆ ရက်စပြီး မြေကွက်ပိုင်ရှင်တွေကို ဂရန်တွေအမြန်ဆုံးလျှောက်ထားဖို့ နှိုးဆော်ခဲ့တယ်။ စည်ပင်ကလည်း သုံးလအတွင်းမှာ ဂရန်မြေတွေဖြစ်အောင်လုပ်ပေးနေတယ်။ သတ်မှတ်ကာလ ၁၀ ပြည့်သွားရင် ကွင်းဆင်းစာရင်းကောက်ယူပြီး တိုင်းအစိုးရအဖွဲ့တင်ပြပြီးတော့ ကြေညာချက်အတိုင်း ဥပဒေအရပြန်သိမ်းမှာပါ” ဟု ဒေါက်တာရဲလွင်က ပြောဆိုသည်။

၁၉၉၂ ခုနှစ်တွင် မန္တလေးမြို့ ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့က လူနေအိမ်မြေကွက်များ၊ စက်မှုလုပ်ငန်းမြေကွက် လိုအပ်သူများအား မြေနေရာချထားပေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အဆိုပါမြေကွက်များနှင့်ပတ်သက်၍ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် ဂရန်မြေလျှောက်ထားခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်းများ ဆောင်ရွက်ကြရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်းလည်း ဒုတိယအကြိမ် အသိပေးထားပြီဖြစ်၍ လိုက်နာခြင်းမရှိသောမြေကွက်များကို ပြန်လည်စိစစ်ကာ မြေချထားမိန့်၊ မြေစလစ်နှင့်မြေငှားဂရန်များအဖြစ်မှ ပယ်ဖျက်ပြီး အစိုးရစီမံခန့်ခွဲမြေ (အစိုးရမြေ) အဖြစ် ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။

“ဧကကွက်ကျယ်တွေ ချထားပေးပြီးဖြစ်ပေမယ့် ဂရန်စည်းကမ်းနဲ့အညီ ဆောင်ရွက်ခြင်းမပြုတဲ့မြေကွက်တွေကို ပြန်သိမ်းဖို့ ရှိ၊ မရှိ မေးမြန်းတာပါ။ ဒီမြေကွက်အကျယ်တွေဟာ အများပြည်သူပိုင် နေရာအဖြစ် လျာထားခဲ့တဲ့မြေနေရာပဲဖြစ်ဖြစ်၊ မူလကတည်းကချထားပေးခဲ့တဲ့ မြေပဲဖြစ်ဖြစ် ဒီအကွက်ကျယ်တွေကို လူနေထိုင်ဖို့ရည်ရွယ်ပြီးချထားပေးတာဆိုတော့ မြေကွက်အကျယ်နဲ့ လျော်ညီတဲ့အဆောက်အအုံကို ခြောက်လအတွင်းဆောက်ရမယ်။ စက်မှုဂရန်ဆိုလည်း မူလချထားပေးစဉ်ကအတိုင်း လုပ်ငန်းလုပ်ကိုင်ရမယ်။ မြေကိုအသုံးချရမယ်။ အခုချိန်ထိ ဧကကွက်အကျယ်တွေက ဘာမှမလုပ်ဘဲ ဒီအတိုင်းရှိနေတယ်” ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောကြားသည်။

မန္တလေးခရိုင်တွင်းရှိ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန် (၁)၊ (၂) တို့တွင် အဆောက်အအုံဆောက်လုပ်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ် (မြေဧကကွက်အပါအဝင်) မြေလွတ်၊ မြေကွက်လပ် ၉၀ဝ၀ ကျော်ရှိနေပြီး မြေပေးမိန့်များကို ကိုယ်စားလှယ်လွှဲစာ၊ အထူးကိုယ်စားလှယ်လွှဲစာများပြုလုပ်ကာ ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့ခံ  အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်များနှင့်  လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်းထံမှ သိရသည်။                 

M-04