News

POST TYPE

NEWS

ရန်ကုန်တွင် အထူးစီးပွားရေးဇုန်သစ်တစ်ခု တည်ထောင်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန် အထူးစီးပွားရေးဇုန် (Yangon Special Economic Zone) တည်ထောင်ပါက ရရှိမည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်းအစီအမံများကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ကျင်းပသည့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့သည်။

နေပြည်တော်တွင် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတက်ရောက်ရန် ရှိနေသည့်အတွက် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှာ ကျင်းပရက်တူနေသည့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ပင် တက်ရောက်နိုင်ခြင်းမရှိဘဲ ၎င်းအစား ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တက်ရောက်ခဲ့ရသည်။ 

စီးပွားရေးဇုန် တည်ဆောက်မည့် နေရာအကျယ်အဝန်း၊ လုပ်ငန်းအမျိုးအစားများကို အစိုးရက ထုတ်ပြန်ခြင်းမရှိသေးပေ။

“ရန်ကုန်တိုင်းက ရှိပြီးသားပဲ။ စီးပွားရေးဇုန်ဆိုတာ သိပ်မဖွံဖြိုးသေးတဲ့နေရာမှာ ဖော်တာကောင်းတယ်။ အလုပ်အကိုင်အခွင့်အလမ်းပေါ့နော်။ ရန်ကုန်မှာက သီလဝါလည်းရှိတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း ရှိနေတယ်။ မလိုအပ်ဘူးပေါ့နော်။ ရခိုင်မှာဆိုလည်း ထားဝယ်နဲ့ ကျောက်ဖြူ စီးပွားရေးဇုန်တွေရှိတယ်။ မရှိသေးတဲ့နေရာမှာ ဖော်သင့်တယ်။ ဥပမာ ရှမ်းနဲ့ ကချင်တို့မှာ ဖော်သင့်တယ်။ ပြီးတော့ ဖော်နေဆဲဇုန်တွေ(ကျောက်ဖြူ နဲ့ ထားဝယ်) ကိုလည်း စာချုပ်တွေ ပြန်ပြင်သင့်တာတွေပြင်ပြီး ဆက်လုပ်ရမယ်” ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောဆိုသည်။

လက်ရှိရန်ကုန်၌ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၈ ဘီလီယံရင်းနှီးမြှုပ်နှံ၍ သီလဝါအထူးစီးပွားရေးဇုန်ကို သန်လျင်နှင့် ကျောက်တန်းမြို့နယ်အနီးရှိ ဧက ၆၂၀ဝ အကျယ်အဝန်းပေါ်တွင် ၂၀၁၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။

အဆိုပါအထူးစီးပွားရေးဇုန်များ ဖော်ဆောင်ရေးအစီးအဝေး၌ ရန်ကုန်တွင် အထူးစီးပွားရေးဖော်ဆောင်ရေးအပြင် လုပ်ငန်းများ စတင်နိုင်ခြင်းမရှိသေးသည့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ စီးပွားရေးဇုန်များ ပြန်လည်စတင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် နှစ်လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးပါက ဇုန်အတွက်သာမက တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းလည်း သိသိသာသာ ဖွံ့ဖြိုးလာနိုင်ပြီး ကျန်ရှိသည့်စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် များစွာ အထောက်အကူ ဖြစ်နိုင်ပါကြောင်း၊ လာရောက် ရင်းနှီးမည့်သူများမှာ ပိုမိုစိတ်ဝင်စားလာနိုင်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗင်ထီးယူကို ပြောကြားသည်။

ထို့ပြင် ကျောက်ဖြူဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ် စီမံကိန်းများအတွက် မြန်မာနိုင်ငံဘက်မှ ပါဝင်ရနိုင်မည့် ရှယ်ယာတန်ဖိုး (Equity) အချိုးကို တရုတ်ကုမ္ပဏီဖြစ်သည့် CITIC ကုမ္ပဏီနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း အထူးစီးပွားရေးဇုန် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေတိုအတွင်း နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးကို ဦးတည်ပြီး၊ စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ပြောကြားသည်။                              

S-04