News

POST TYPE

NEWS

ငါးဖမ်းလှေများတွင် စောင့်ကြည့်ကိရိယာတပ်ဆင်ရေး ပြင်သစ်နှင့် ပူးပေါင်းဆောင်ရွက်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာ့ပင်လယ်ပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများတွင် ငါးဖမ်းလှေစောင့်ကြည့် ကိရိယာစနစ် (Vessel Monitoring System-VMS) တပ်ဆင်နိုင်ရေးအတွက် ပြင်သစ်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Agency of French Cooperative (AFC) နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

VMS စနစ်တပ်ဆင်ပါက ငါးဖမ်းစက်လှေများ၏ သွားရာလမ်းကြောင်း၊ ငါးဖမ်းဆီးသည့် ဧရိယာ၊ ငါးဖမ်းဆီးနှုန်း စသည်တို့ကို ငါးလုပ်ငန်း ဦးစီးဌာနက သိရှိနိုင်မည်ဖြစ်ပြီး စသည်တို့ကို အခြေခံပြီး ပင်လယ်ငါးဖမ်းလှေများ၏ ငါးဖမ်းဆီးနှုန်းများခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောကြားသည်။ 

VMS စနစ်က လုပ်ငန်းရှင်တွေအတွက် အကျိုးရှိတဲ့အတွက် မဖြစ်မနေ တပ်ကိုတပ်ရမှာ။ လုပ်ငန်းရှင်တွေ အကုန်က တပ်ပါမယ်လို့တော့ ပြောထားတယ်။ ၂၀၁၈ ထဲမှာတော့ တွန်းတွန်းတိုက်တိုက် တပ်ခိုင်းပြီး ၂၀၁၉ မှာတော့ အကုန်တပ်ပြီးသား ဖြစ်နိုင်လောက်ပါတယ်။ အရင်တုန်းက မတပ်ဖြစ်တာက စတပ်တဲ့အခါ လုပ်ငန်းရှင်တွေက လစဉ်ပေးရမယ့်နှုန်းတွေကို ညှိနှိုင်းလို့မရလို့”ဟု ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောဆိုသည်။

၂၀၁၅ ခုနှစ်ကလည်း ပင်လယ်ငါးဖမ်းလှေများတွင် VMS စနစ် တပ်ဆင်နိုင်ရေးအတွက် ပြင်သစ်နိုင်ငံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် French Development Agency (FDA) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ငါးဖမ်းလှေပိုင်ရှင်များက တပ်ဆင်ရန်ငြင်းဆိုခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ မတပ်ဆင်နိုင်သေးခြင်းကို ပြန်လည် တပ်ဆင်နိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ 

VMS တပ်ဆင်လျှင် ပင်လယ်ငါးဖမ်းလှေပိုင်ရှင်များအနေဖြင့် ကျပ်သိန်း ၅၀ မှ ၆၀ ခန့်အထိ ပေးဆောင်ရမည်ဖြစ်သည့်အတွက် မတပ်ဆင်ဖြစ်ခဲ့ဘဲ ၂၀၁၈ ခုနှစ်တွင် ယင်းစနစ်ကို တပ်ဆင်နိုင်တော့မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

VMS စနစ်တပ်ဆင်ပါက ငါးဖမ်းဆီးသည့်ဧရိယာကို ငါးလုပ်ငန်းဦးစီးဌာနက ထောက်ခံချက် ပေးနိုင်မည်ဖြစ်ပြီး ပြည်ပသို့ တင်ပို့ရာတွင် မည်သည့်ဈေးကွက်မဆို အခက်အခဲမရှိ တင်ပို့နိုင်မည်ဖြစ်ကြောင်း လတ်တလော VMS စနစ် မတပ်ဆင်ထားခြင်းကြောင့် အမေရိကန်နိုင်ငံသို့ သဘာဝ ဖမ်းဆီးရမိသည့်ပုစွန်များ မတင်ပို့နိုင်သေးကြောင်း မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။ 

J-11