News

POST TYPE

NEWS

ကားနှင့် ဘဏ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်လုပ်ငန်းရှင်များ စိတ်ဝင်စား
ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်နှင့် ဘဏ်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အမေရိကန် လုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် US-ASEAN Business Council တွေ့ဆုံဆွေးနွေးပွဲတွင် အမေရိကန်လုပ်ငန်းရှင်များက ပြောကြားသည်။ 

“US-ASEAN က နှစ်စဉ် မြန်မာနိုင်ငံကို ဆွေးနွေးပွဲလာလုပ်ပါတယ်။ အခုလာဆွေးနွေးတဲ့ ကုမ္ပဏီတွေက အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ကုမ္ပဏီတွေပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့ အခွင့်အလမ်းတွေကို ရှာဖွေတဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်”ဟု အမေရိကန်နိုင်ငံ ကားကုမ္ပဏီ Pacific AA Motor ကုမ္ပဏီ မြန်မာနိုင်ငံ အခြေစိုက် ကိုယ်စားလှယ် ဦးဇော်မိုးခိုင်က ပြောဆိုသည်။

ယခုဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံမှ စက်မှုကုန်ထုတ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဗီဇာလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ အိုင်တီလုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ မော်တော်ယဉ်လုပ်ငန်း၊ ရေနံလုပ်ငန်းများမှ ကုမ္ပဏီများပါဝင်ပြီး လက်ရှိ စီးပွားရေး အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

“သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ လာလေ့လာတဲ့ သဘောပါ။ စီးပွားရေး လုပ်လို့ရရင် လုပ်မှာပေါ့။ ဝုန်းဒိုင်းဆိုပြီးတော့ လုပ်လို့တော့ မရဘူးပေါ့။ ဒီလို လာလေ့လာတဲ့အတွက် မြန်မာနိုင်ငံအတွက် အများကြီး အကျိုးရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ရမယ်လို့လည်း အများကြီး မျှော်လင့်ထားတယ်”ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အလုပ်အမှုဆောင် ဦးကျော်မြင့်ဦးက မှတ်ချက်ပြောဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် ယခုနှစ်အတွင်း အမေရိကန် လုပ်ငန်းရှင်များ အပါအဝင် တရုတ်၊ ဂျပန်နှင့် အခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။ 

J-11