News

POST TYPE

NEWS

ရခိုင်ပြည်နယ်ရှိ ထောင်လေးခုတွင် တီဘီရောဂါ ကြိုတင်တိုက်ဖျက်ရေး ဆောင်ရွက်
07-Dec-2017 tagged as အကျဉ်းသား

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကျဉ်းသား လေးထောင်ကျော် ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ် အကျဉ်းထောင်လေးခုတွင် တီဘီရောဂါ ကြိုတင်တိုက်ဖျက်ရေးအတွက် အကျဉ်းသားများကို ရောဂါစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများ ဒီဇင်ဘာလဆန်းက စတင် ဆောင်ရွက်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရွေ့လျားကုသရေးယာဉ် နှစ်စီးဖြင့် ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ပြုလုပ်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အကျဉ်းထောင်အုပ်ချုပ်မှုစနစ်အရ အကျဉ်းသားတွေက ကျန်းမာရေး စောင့်ရှောက်ခံရမှု အားနည်းကြတယ်။ အကျဉ်းသားအိပ်ရတဲ့ပုံစံနဲ့ စားသောက်ရတဲ့ ပုံစံအရပဲဖြစ်ဖြစ် ကူးစက်နိုင်ခြေရှိတယ်။ ဒါတွေကို တားဆီးကာကွယ်ပေးတာပါ”ဟု ၎င်းက ဆိုသည်။

စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နှင့် သံတွဲအကျဉ်းထောင် လေးခုရှိ တီဘီရောဂါခံစားနေရသည့် အကျဉ်းသားများကို လုံလောက်သော ဆေးဝါးဖန်တီးပေးခြင်း၊ အကျဉ်းသား၊ အကျဉ်းသူများတွင် တီဘီပိုး ရှိ၊ မရှိ စစ်ဆေးပေးခြင်းနှင့် ရောဂါပိုးမရှိသူများကို ကြိုတင်ကာကွယ်ဆေးထိုးပေးရန် အဆင့်ဆင့်စီစဉ်ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

“ရောဂါပိုးရှိတဲ့အကျဉ်းသားတွေ  အများဆုံးတွေ့ခဲ့ရတယ်။ ကူးစက်မှုလည်းမြန်ဆန်တော့ ဘယ်လိုပုံစံနဲ့အဆင့်ဆင့်ပြန့်ပွားနေလဲ။ ကြိုတင်ကာကွယ်လုပ်ဖို့ အဓိကဦးစားပေးစီစဉ်မယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါခံစားနေရသော လူဦးရေတစ်သောင်းနီးခန့် နှစ်စဉ်တိုးပွားလျက်ရှိနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ခန့်မှန်းထားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ဆေးယဉ်ပါးတီဘီရောဂါအပါအဝင် တီဘီရောဂါဖြစ်ပွားမှုနှုန်းသည် တစ်သိန်းခွဲခန့် ရှိကြောင်း ဖော်ပြထားသည်။

အလားတူ အကျဉ်းထောင်များတွင် သွေးမှတစ်ဆင့်ကူးစက်မှုကြောင့် HIV/AIDS ရောဂါဖြစ်ပွားသော အကျဉ်းသားတစ်ထောင်ခန့်ရှိသဖြင့် အဆိုပါဝေဒနာရှင်များ သောက်သုံးရသည့် ART ဆေးဝါးကို စဉ်ဆက်မပြတ် ရရှိရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးထားကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

J-17