News

POST TYPE

NEWS

လှိုင်နယ်မြေမှ ကျောင်းသားများ တက္ကသိုလ် (ပင်မ)တွင် လက်တွေ့ ဆင်းရမည်
06-Dec-2017 tagged as ပညာရေး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်တက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို လှိုင်နယ်မြေတွင် သင်ကြားသော်လည်း လက်တွေ့ကိုမူ ရန်ကုန်တက္ကသိုလ် (ပင်မ)၌သာ သင်ကြားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ခေါ် အာစီတူးသည် နှစ် ၂၀ ခန့် ပိတ်ထားပြီး ယခုနှစ်မှ ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်သည်။ စာသင်ခန်းများ ပြုပြင်နေဆဲဖြစ်၍ လက်တွေ့သင်ကြားရန် အဆင် မပြေသေးသဖြင့် မိန်းထဲ၌သာ သင်ကြားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

သို့သော် ဒုတိယ နှစ်ဝက်ကျလျှင် လှိုင်နယ်မြေထဲမှ သုံးထပ်ဆောင်တွင် လက်တွေ့ခန်းများပြင်ဆင်ပြီး အဆင်သင့် ဖြစ်ပါက သင်ကြားသွားမည်ဖြစ်ကြောင်း၊ မပြီးသေးခင် ပထမနှစ်ဝက်ကာလ လက် တွေ့သင်ကြားမှုကို မိန်းထဲတွင်ပြုလုပ်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း ဒေါက်တာ ဖိုးကောင်းက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လှိုင်နယ်မြေတွင် တက်ရောက်နေသော ပထမနှစ် ရူပဗေဒ ကျောင်းသား ကိုညီသက်အောင်က ရူပဗေဒ ဘာသာရပ်အတွက် လက်တွေ့ဆင်းရန် အချိန်ဇယား ပေးထားပြီး တနင်္လာနေ့တိုင်း မိန်းထဲတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လှိုင်နယ်မြေတွင် အချို့အခန်းများ ပြင်နေဆဲဖြစ်ပြီး မိန်းထဲတွင်မူ မူလကတည်းက လက်တွေ့လုပ်ရန် ပစ္စည်းများ အစုံအလင်ရှိကြောင်း၊ ကျောင်းစဖွင့်သည့် ဒီဇင်ဘာ ၄ ရက်သည် တနင်္လာနေ့ဖြစ်၍ လက်တွေ့ ဆင်းရမည်ဖြစ်သော်လည်း သင်ကြားထားသည့် စာမရှိသေးသဖြင့် လက်တွေ့ မဆင်းရသေးကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ကို ၁၉၉၇ ခုနှစ်နောက်ပိုင်း ပိတ်ထားခဲ့ပြီး ရန်ကုန်ပညာရေး တက္ကသိုလ်၊ လေ့ကျင့်ရေး အထက်တန်းကျောင်း ကျောင်းသားများကို သင်ကြားစေခဲ့သည်။ ထို့နောက် ယခုနှစ်မှစ၍ ရန်ကုန် တက္ကသိုလ် ပထမနှစ် ကျောင်းသား ၁၅၀ဝ ကျော်ကို ပြန်လည် သင်ကြားခြင်းဖြစ်သည်။

မြဇာခြည်သင်း