News

POST TYPE

NEWS

လျှပ်စစ်မီး မလောက်၍ လှိုင်သာယာမှ စက်ရုံအချို့ ရပ်
06-Dec-2017 tagged as စက်မှုဇုန်


ရန်ကုန်၊ ဒီဇင်ဘာ ၆

လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းကြောင့် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ဆယ်နှင့်ချီ၍ လုပ်ငန်း လည်ပတ်မှုများ ယာယီ ရပ်ဆိုင်းလိုက်ရကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဒါကတော့ အရင်တည်းက မီးအား မနိုင်ရင် ပိတ်လိုက်တာပဲ။ ဒါက စစ်အစိုးရလက်ထက်တည်းက အရှုံးပေါ်လာတာ နောက်ပိုင်းလည်းကျရော မခံနိုင်လို့ သုံးနှစ်လောက်ကြာရင် ပိတ်လိုက်ကြတယ်”ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ နာယက ဦးမြတ်သင်းအောင်က ပြောဆိုသည်။

ထုတ်လုပ်မှု ရပ်လိုက်သည့်စက်ရုံ များတွင် အရက်ချက်စက်ရုံ၊ နို့ထွက်ပစ္စည်း စက်ရုံ စသည်တို့ပါဝင်ပြီး ရပ်ဆိုင်းသည့် စက်ရုံ ဆယ်ဂဏန်းရှိကြောင်း ဦးမြတ် သင်းအောင်က ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများက စက်မှုဇုန်သုံး မီတာခကို တစ်ယူနစ်လျှင် ကျပ် ၁၀ဝ နီးပါး ကောက်ခံပြီး မြန်မာနိုင်ငံတွင်မူ တစ်ယူနစ်ကို ကျပ် ၁၅၀ ကောက်ခံသည့်အတွက် လျှပ်စစ်မီးကို ပုံမှန် လာစေချင်ကြောင်း ၎င်းက ပြောကြားသည်။

ယခုပိတ်လိုက်ရသည့် စက်ရုံများသည် ပြီးခဲ့သည့် အစိုးရလက်ထက်အတွင်းကပင် လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရရာမှ ယခုနောက်ဆုံး၌ ယင်းအခက်အခဲများကို မခံနိုင်တော့သည့်အတွက် ပိတ်လိုက်ကြခြင်းဖြစ်ကာ ရန်ကုန်တိုင်းအတွင်း ယင်းသို့ အခြေခံ အဆောက်အဦ လိုအပ်ချက်များကြောင့် ပိတ်လိုက်ရသည့် စက်ရုံများစွာရှိကြောင်း စက်ရုံလုပ်ငန်းရှင်များက ဆိုသည်။

အစိုးရအနေဖြင့် ပြည်ပ ပို့ကုန် တိုးမြှင့်နိုင်ရေးကို လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း အခြေခံ အဆောက်အဦ လိုအပ်ချက်များဖြစ်သည့် ရေ၊ မီး စနစ်များကို မဖြေရှင်းပေးနိုင်ပါက ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်ကာ နိုင်ငံတကာနှင့် ဈေးကွက် ယှဉ်ပြိုင်မှုတွင် နောက်ကျ ကျန်ခဲ့မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်ပြောဆိုကြသည်။

ပြီးခဲ့သည့်လပိုင်းက မီးလိုအပ်ချက်ကြောင့် လှိုင်သာယာ စက်မှုဇုန်တွင် စက်ရုံအချို့ ပိတ်လိုက်ရသည့်အတွက် နောက်ပိုင်းတွင် လျှပ်စစ်လုံလောက်စွာ ရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

လှိုင်သာယာတွင် စက်ရုံပေါင်း တစ်ထောင်ကျော်ရှိပြီး ယင်းစက်ရုံများသည်လည်း အစိုးရထံမှ မီးပုံမှန် မရသည့်အတွက် ဒီဇယ်မီးစက်မောင်း၍ လုပ်ငန်းများ လည်ပတ်နေရကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။

J-13