News

POST TYPE

NEWS

ကျောင်းသားများ၏ ဘာသာရပ်ဆိုင်ရာ ဖန်တီးမှုများပြသ
05-Dec-2017 tagged as ပညာရေး


ရန်ကုန်၊ ဒီဇင်ဘာ ၅

အထက (၁) ဒဂုံ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများ ပြုလုပ်ထားသော အခြေခံပညာအဆင့် သိပ္ပံ၊ ဝိဇ္ဇာ ဘာသာရပ်ဆိုင်ရာ ခေါင်းစဉ် ၆၅ မျိုးနှင့် ပတ်သက်သည့်ပစ္စည်းများကို နှစ်ရက်ကြာ ပြသနေကြောင်း အဆိုပါကျောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။

သိပ္ပံ၊ ပထဝီဝင်၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် သင်္ချာဘာသာရပ် ဆိုင်ရာ ခေါင်းစဉ် ၆၅ မျိုးနှင့် ပတ်သက် သည့်ပစ္စည်းများကို သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်း ကျောင်းသားများက  ဖန်တီးခြင်းဖြစ်သည်။ ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ ဒဂုံအထက (၁) တွင် ပြသနေခြင်းဖြစ်သည်။

ဘာသာရပ်ဆိုင်ရာများကို ကျောင်းသားများ ကိုယ်တိုင် လူမှုပတ်ဝန်းကျင်တွင် လက်တွေ့အသုံးချနိုင်ရန်၊ ကျောင်းသားများ၏ တီထွင်ဖန်တီးမှု တိုးတက်လာစေရန်၊ အနာဂတ်တွင် သိပ္ပံပညာရှင်များ ပေါ်ထွန်းလာစေရန် ပြပွဲပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါကျောင်းထံမှ သိရှိရ သည်။

ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ တီကောင်ဖြင့် သစ်ရွက်ဆွေးမြေဩဇာ ထုတ်လုပ်ခြင်း၊ ညစ်ညမ်းရေကို စစ်ထုတ်ခြင်း၊ ရေသန့်စင်စစ်ဆေးခြင်း အခန်းကဏ္ဍ၊ သစ်ပင်များဖြင့် မြေကြီးကို သန့်စင်အောင်ပြုလုပ်ခြင်း၊ ရေဒီယိုစနစ်ဖြင့် လေယာဉ်ပျံ တည်ဆောက်ခြင်းနှင့် ဟစ်စတိုဂရမ်နှင့် ထပ်ကြိမ်ဗဟုဂံ ရေးဆွဲခြင်းစသည့် ပစ္စည်းများ ပြသနေခြင်းဖြစ်သည်။

ဆရာ၊ ဆရာမများ အနေနှင့် ပြပွဲကျင်းပရန် နိုဝင်ဘာလမှစတင်၍ သီတင်း သုံးပတ်ခန့် ပြင်ဆင်ခဲ့ရပြီး ကျောင်းသားများအနေနှင့် ဖန်တီးမှုကို သီတင်း ၂ ပတ်ခန့်ကြာ ပြုလုပ်ခဲ့ရကြောင်း အဆိုပါ ကျောင်းဆရာ၊ ဆရာမများထံမှ သိရှိရသည်။

ရေဒီယိုစနစ်ဖြင့် လေယာဉ်ပျံ တည်ဆောက်ပုံအကြောင်း လက်တွေ့ပြသခဲ့သဖြင့် ကျောင်းသားများ ဗဟုသုတ ရရှိစေမည်ဖြစ်ကြောင်း ယင်းပစ္စည်း ဖန်တီးရာတွင် ပါဝင်သည့် နဝမတန်း ကျောင်းသား မောင်ဟိန်းထက်အောင်နိုင်က  ပြောဆိုသည်။

“သားကတော့ ကိုယ်တိုင်လည်း လေယာဉ်ကို ဝါသနာ ပါတယ်။ ကိုယ်တိုင်လည်း တီထွင်ချင်လို့ ဒီခေါင်းစဉ်ကို ရွေးတာပါ”ဟု မောင်ဟိန်းထက်အောင်နိုင်က ပြောကြားသည်။

ကျောင်းသားများအနေနှင့် ဖန်တီးလိုသည့် ခေါင်းစဉ်၊ အကြောင်းအရာများကို ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ထံတင်ပြပြီး ဆရာများ၏လမ်းညွှန်မှုဖြင့် ဖန်တီးခြင်းဖြစ်ကြောင်း ဇီဝဗေဒဘာသာရပ်သင် အထက်တန်းပြဆရာမ ဒေါ်တင်တင်အောင်က ပြောကြားသည်။

ပြပွဲကျင်းပခြင်း အစီအစဉ်ကို ကျောင်းအုပ်ဆရာကြီး၏ဦးဆောင်မှုဖြင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လိုက်ပါ ဆောင်ရွက်ခြင်းဖြစ်ပြီး ခေါင်းစဉ်တစ်ခု၊ ပစ္စည်းတစ်ခု ဖန်တီးမှုတွင် ကျောင်းသား ၅ ဦးမှ ၈ ဦးအထိ ပါဝင်ကြောင်း ၎င်းကရှင်းပြသည်။

တီကောင်ဖြင့် သစ်ရွက်ဆွေးမှ မြေဩဇာ ထုတ်လုပ်ခြင်းတွင် ပါဝင်သည့် နဝမတန်းကျောင်းသူ မခင်ရည်မွန်သန့်က “ပတ်ဝန်းကျင်မှာဆိုရင် သစ်ရွက်ဆွေး၊ အမှိုက်ဆွေးတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ ဒီသစ်ရွက်ဆွေးတွေကို မီးရှို့လိုက်တဲ့အခါကျရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထွက်တယ်။ ဒီဓာတ်ငွေ့က လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်။ ကမ္ဘာကြီးကိုလည်း ပူနွေးစေတဲ့အတွက်ကြောင့် ဒီအရွက်ဆွေးတွေကို တီကောင်ကို ကျွေးလိုက်ခြင်းအားဖြင့် မြေဩဇာ ထွက်ပါတယ်”ဟု ရှင်းပြသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများတွင် ဘာသာရပ်ဆိုင်ရာ ဖန်တီးမှု ပြပွဲများကျင်းပခြင်းကို ဒဂုံအထက်တန်းကျောင်းတွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အခြားကျောင်းများတွင်  ပြုလုပ်ခြင်းမရှိသေးကြောင်း ဆရာမ ဒေါ်တင်တင်အောင်က ပြောကြားသည်။

“တီချယ်သိသလောက် ကိုယ့်ကျောင်းတွင်းမှာရှိတဲ့ ဒဂုံ (၁) ဘက်စုံလူငယ် ဖွံ့ဖြိုးရေးပြပွဲနဲ့ ပတ်သက်ပြီး ဒီလိုမျိုး သိပ္ပံဘာသာရပ်တွေကို ပြသတဲ့ပွဲက တခြားကျောင်းတွေမှာ လုပ်တယ်လို့ မကြားမိသေးဘူး။ တီချယ်တို့ကျောင်းအတွက် ပထမဆုံးအကြိမ် ဖြစ်သလို ရန်ကုန်တိုင်းမှာလည်း တီချယ်တို့ကျောင်းမှာပဲ လုပ်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယခုပြပွဲသည် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် အတန်းကြီးသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဖန်တီးမှုကိုသာ ပြသနိုင်သေးသော်လည်း ပြပွဲများကို နှစ်စဉ် ကျင်းပနိုင်ရန်နှင့် လာမည့်နှစ်များတွင် အငယ်တန်းကျောင်းသားများ၏ ဖန်တီးမှုများကိုပါ ပြသနိုင်ရန် အထက (၁) ဒဂုံက ပြင်ဆင်နေသည်။

ပြပွဲပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ အချင်းချင်းကိုသာ ပြသခြင်း ဖြစ်သော်လည်း ပြပွဲ ဒုတိယနေ့တွင် မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် ကျောင်းသားမိဘများကို ဖိတ်ကြားပြသမည်ဖြစ်သည်။

သိပ္ပံဘာသာရပ်ဆိုင်ရာ ပစ္စည်းများကို ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ဘက်စုံလူငယ်ဖွံ့ဖြိုးရေး ပွဲတော်တွင်လည်း ပြသခဲ့သေးကြောင်း အဆိုပါ ကျောင်းသား၊ ကျောင်းသူများထံမှ သိရှိရသည်။

မြဇာခြည်သင်း