News

POST TYPE

NEWS

စစ်ကိုင်းကျောက်ဝိုင်း ဒီဇင်ဘာလကုန် ဖျက်သိမ်းပေးရန် ဂေါပကအဖွဲ့ ညွှန်ကြား
05-Dec-2017 tagged as မန္တလေး


မန္တလေး၊ ဒီဇင်ဘာ ၎

စစ်ကိုင်းမြို့ရှိ ရတနာစေတီ ဆင်များရှင်ဘုရား ပရိဝုဏ်အတွင်းရှိ ကျောက်စိမ်းဆိုင်ခန်းများ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် ညွှန်ကြားထားကြောင်း ရတနာစေတီ ဆင်များရှင်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်းက ဆင်များရှင်ဂေါပကအဖွဲ့နှင့် စစ်ကိုင်းကျောက်မျက်အသင်း ဥက္ကဋ္ဌ ဦးတိုင်းအောင်တို့ ပူးပေါင်းကာ ဆင်များရှင် ဇာတ်ရုံ အပါအဝင် ပေ ၃၆၀ အကျယ်ရှိ  ကျောက်စိမ်းကျောက်မျက်ဈေး ဖွင့်လှစ်ရန်အတွက် ခြောက်နှစ် သက်တမ်းရှိသည့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ စာချုပ်တွင် ပထမတစ်နှစ်စာအတွက် ကျပ်သိန်းခြောက်ဆယ်ကို ဆင်များရှင်ဘုရား ဘဏ္ဍာငွေအဖြစ် ပေးသွင်းခဲ့ကြောင်း၊ ယင်းနောက်ပိုင်းကစ၍ လက်ရှိအချိန်အထိ ကျန်နှစ်များအတွက် ငွေကြေးပေးချေခြင်း 
မရှိတော့ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ဝင် ဦးအောင်မောင်းက ပြောကြားသည်။

“ကျန်တဲ့ငါးနှစ်စာ မရခဲ့ဘူး။ ပိုက်ဆံမရဘဲနဲ့ ဒါကြီးကရှိနေတယ်။ ဖျက်ရမယ့်အကြောင်းက ဆင်များရှင်ဘုရားကြီးကို ဘက်စုံပြင်တော့မှာဖြစ်တယ်။ ဆင်များရှင်ဘုရားမှာရှိတဲ့ ကျောက်စိမ်းဆိုင်ခန်းတွေအနေနဲ့ လုံခြုံရေးကိစ္စ၊ မီးဘေးစတဲ့ မလိုလားအပ်တဲ့ ကိစ္စတွေ ကြုံလာနိုင်တဲ့အတွက် ဖျက်သိမ်းဖို့စီစဉ်ရခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

ဆိုင်ခန်းရှင်များအနေနှင့် ကိုယ်ပိုင် အစီအစဉ်ဖြင့် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းရမည်ဖြစ်ပြီး မဖျက်သိမ်းပါက ကန်ထရိုက်စနစ်ဖြင့် လေလံတင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“ဦးအနေနဲ့က နှစ်ခန်း ဝယ်ထားတယ်။ သိန်း ၃၀ နဲ့ ဝယ်ထားတာ။ တစ်ခန်းကတော့ ခွဲတမ်းရတယ်။ အန်ကယ်တို့အနေနဲ့ ဘယ်လိုမှ လုပ်လို့မရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ ဆိုင်ခန်းဝယ်ထားတဲ့သူတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိတာပေါ့။ အန်ကယ်တို့ အနေနဲ့က သိန်းဆယ်ချီ ဆုံးရှုံးပြီးမှတော့ သောင်းဂဏန်းလောက် တန်တာတွေဖျက်ပြီး မယူတော့ပါဘူး။ လှူတယ်လိုပဲ သဘောထားလိုက်ပါတယ်”ဟု ဆင်များရှင်ကျောက်ဝိုင်းတွင် ဆိုင်ခန်းဝယ်ယူထားသူ ဦးပိုက ပြောကြားသည်။ 

ဆင်များရှင် ကျောက်ဝိုင်းအတွင်း ဆိုင်ခန်းပေါင်း ၁၃၂ ခန်း တည်ဆောက်ခဲ့ရာတွင် ၁၁၅ ခန်းကို တစ်ခန်းလျှင် ကျပ် ၁,၃၁၀,၀၀၀ ဖြင့်ရောင်းချခဲ့ကြောင်း၊  ကျောက်ဝိုင်းဈေး မဖြစ်ခဲ့သည့်အတွက် ဂေါပကအဖွဲ့ထံ ငွေမသွင်းနိုင်ဖြစ်ခဲ့ကြောင်း စစ်ကိုင်းကျောက်မျက်အသင်း ဥက္ကဋ္ဌဟောင်း ဦးတိုင်းအောင်က ပြောကြားသည်။

“ဆိုင်ခန်းတစ်ခန်းကို အန်ကယ်တို့အနေနဲ့က ဆယ့်သုံးသိန်းတစ်သောင်းနဲ့ ရောင်းခဲ့တာ။ နောက်ပိုင်းမှာတော့ သိန်း ၃၀ ဖြစ်သွားတာက အခန်းရတဲ့သူတွေ အရောင်းအဝယ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခု ဖျက်သိမ်းရမယ်ဆိုတော့ ဒါက တစ်ဦးတစ်ယောက်တည်း ကိစ္စမဟုတ်ပါဘူး။ အသင်းအဖွဲ့နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ အခုလည်း အသင်းအဖွဲ့က ပျက်သွားပါပြီ။ ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တစ်ဦး သဘောနဲ့ပြောလို့မရပါဘူး။ လုပ်ခဲ့တုန်းကလည်း အများအကျိုးအတွက် လုပ်ခဲ့တာဖြစ်ပါတယ်။ ဘုရားဘဏ္ဍာငွေ ရရှိရေးအတွက် လုပ်ခဲ့တာပဲ” ဟု ၎င်းက ပြောဆိုသည်။          

M-05