News

POST TYPE

NEWS

တရုတ်နယ်စပ် ဆန် ဖမ်းဆီးမှုကြောင့် ဈေးကွက်ပျက်
05-Dec-2017 tagged as ဆန် ကချင်


ရန်ကုန်၊ ဒီဇင်ဘာ ၎

မြန်မာ့ဆန် အဓိက ဝယ်လက်ဖြစ်သော တရုတ်က တရားဝင် ခွင့်မပြုထားသည့်အတွက် ယင်းအစိုးရက ယခုရက်ပိုင်းအတွင် မူဆယ်နှင့် လွယ်ဂျယ် ကုန်သွယ်စခန်းများမှ တင်ပို့သည့်ဆန်များကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ယင်းကုန်စည်ဈေးကွက်များ အေးစက်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

လတ်တလော တရုတ် အစိုးရဘက်က ဆန်တင်ပို့မှုများကိုသာ ဖမ်းဆီးခြင်းဖြစ်ပြီး ပြောင်း၊ သကြားနှင့် နှမ်းတင်ပို့မှုများကို ဖမ်းဆီးခြင်း မရှိသေးကြောင်း ယင်းဈေးကွက်များအတွင်းရှိ ကုန်သည်များထံမှ သိရသည်။ 

“(မူဆယ် ၁၀၅ ကုန်သွယ်ရေးစခန်းသို့) ကားက အဝင်များတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကဖမ်းနေတယ်။ နောက်တစ်ခု ရွှေလီနယ်စပ်ဂိတ်ပေါက်ကို ပိတ်မယ်လို့ တရုတ်ဘက်က ပြောထားတယ်။ ဒါကြောင့်လည်း ဒီဘက်မှာ ကုန်သွယ်မှု လမ်းကြောင်းတွေ သိပ်မကောင်းဘူး”ဟု ယင်းအသင်းဥက္ကဋ္ဌ ဦးလှမောင်က ပြောဆိုသည်။

အဆိုပါ အတည်မပြုနိုင်သည့် သတင်းများကြောင့် တရုတ်ဘက်ကလည်း ဆန်အဝယ်နည်းကာ လယ်ယာထွက်ကုန်အများစုမှာ ဈေးကျဆင်းနေကြောင်း၊ လတ်တလော မူဆယ်ကုန်စည်ဈေးကွက်သို့ ဆန်ဝင်ရောက်မှုမှာလည်း လျော့နည်းနေကြောင်း ၎င်းက ဆိုသည်။

လတ်တလော မူဆယ် ၁၀၅ မိုင် ကုန်စည်ဈေးကွက်အတွင်းသို့ တစ်ရက်လျှင် ကုန်တင်ကားအစီးရေ တစ်ရာကျော် ဝင်ရောက်သော်လည်း ယခင်က တစ်ရက်လျှင် ကုန်တင်ကား အစီးရေ ၂၀ဝ ခန့်ဝင်ရောက်ကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်းထံမှ သိရသည်။

ထိုသို့ပင် ကချင်ပြည်နယ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တင်ပို့မှုကိုလည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်နီးပါး ဖမ်းဆီးသည့်အပြင် ကုန်သည်များကိုပါ ဖမ်းဆီးအရေးယူမှုများ ပြုနေကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်ဘက်တွင် ရာသီဥတု မကောင်းဘဲ သီးနှံအထွက်နှုန်းလျော့ပါက မြန်မာနိုင်ငံမှ ကုန်စည်တင်ပို့များကို ဖမ်းဆီးခြင်းမပြုဘဲ ယင်းနိုင်ငံ၌ လယ်ယာထွက်သီးနှံများ အထွက်ကောင်းပါက တရားမဝင် ကုန်သွယ်ရေးဟု သတ်မှတ်ကာ ဖမ်းဆီးနေသည်မှာ အစိုးရ အဆက်ဆက်ရှိနေသည်ပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို တရားဝင်တင်ပို့ခွင့်၊ တင်သွင်းခွင့်ပြုနေသော်လည်း တရုတ်အစိုးရဘက်ကမူ တရားဝင် ကုန်သွယ်ရေးအဖြစ် သတ်မှတ်ပေးထားခြင်းမရှိပေ။

တရုတ်အစိုးရသည် အမျိုးသားဒီမိုကရေစီ (NLD) ပါတီအစိုးရ စတင် တက်ရောက်သည့်ကာလ ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ဆန်အပါအဝင် တရုတ်သို့ အဓိက တင်ပို့နေသော မြန်မာ့လယ်ယာထွက် ပစ္စည်းများဖြစ်သည့် ပြောင်း၊ သကြားတို့ကိုလည်း အဖမ်းအဆီးများ ပြုလုပ်ခဲ့သည့်အတွက် မူဆယ်ကုန်စည်ဈေးကွက် ရပ်တန့်ခဲ့ရသည်။

J-13