News

POST TYPE

NEWS

ပြည်တွင်းကြက်သွန် ဈေးကောင်းသော်လည်း ပြည်ပမှ တင်သွင်းသူမရှိ
05-Dec-2017 tagged as စီးပွားရေး


ရန်ကုန်၊ ဒီဇင်ဘာ ၎

စံချိန်တင်ဈေးနှုန်းထိ မြင့်တက်နေသည့်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ ပြည်ပမှကြက်သွန်များ တရားဝင် တင်သွင်းခွင့်ပြုထားသော်လည်း ယခုအချိန် (ဒီဇင်ဘာ ၄ ရက်)ထိ တင်သွင်းမည့်သူ မရှိသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ကြက်သွန်နီသစ်များ ထွက်ပေါ်နေပြီဖြစ်သော်လည်း ကြက်သွန်စိုက်ဒေသများတွင် မိုးကြီးခဲ့သည့်အတွက် ကြက်သွန်အပျက်များခြင်းကြောင့် သမိုင်းတစ်လျှောက် ဒုတိယမြောက် အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သည့်အတွက် စီးပွားကူးသန်းဝန်ကြီးဌာနက ဒုတိယအကြိမ်မြောက် ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့ရသည်။ 

“အခုထိတော့ တင်သွင်းခွင့် လာလျှောက်တဲ့သူတော့ မရှိသေးဘူး” ဟု စီးပွားကူးသန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ပထမအကြိမ် ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၅ နိုဝင်ဘာလအတွင်းက ခွင့်ပြုပြီး ရက်ပိုင်းအတွင်း တင်သွင်းခွင့် လျှောက်ထားသူများရှိခဲ့ပြီး ယင်းကာလက မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုတင်သွင်းခွင့် လျှောက်ထားရာတွင် တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် (ICT) ကတ်များဖြင့် တင်သွင်းခွင့်ပြုသော်လည်း လာရောက်လျှောက်ထားသူ မရှိသေးခြင်းဖြစ်သည်။

“ပြည်ပက သွင်းဖို့မလိုသေးပါဘူး။ ဘယ်သူတွေက သွားတောင်းဆိုလည်း မသိဘူး။ ကြက်သွန်သစ်ကလည်း ဈေးတက်နေတော့ တောင်သူတွေက နုတ်ရရ၊ မရရ နုတ်ကြတော့မယ်။ ပြီးတော့ ကြက်သွန်နီအဟောင်း လက်ကျန်တွေလည်း ပိဿာချိန် သိန်းနဲ့ချီ ကျန်ပါသေးတယ်”ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောဆိုသည်။

ကြက်သွန်ဈေးသည် ယခုနှစ် ဇူလိုင်လအတွင်းမှစ၍ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ နောက်ဆုံးပတ်သို့ ရောက်ရှိချိန်တွင် ကြက်သွန် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ကျော်ဖြင့် စံချိန်တင်ဈေးသို့ ရောက်ရှိခဲ့သည်။

S-04