News

POST TYPE

NEWS

ထန်းရာသီ ကုန်ဆုံးသွား၍ ကြံထန်းလျက် ဈေးကွက် အသာစီးရ
03-Dec-2017 tagged as မိတ္ထီလာ


မိတ္ထီလာ၊ ဒီဇင်ဘာ ၃

မိတ္ထီလာခရိုင်အတွင်း၌ စက်တင်ဘာလကစ၍ ထန်းရာသီကုန်ဆုံးသွားပြီဖြစ်ရာ ဝယ်လိုအား ပြည့်မီအောင် မထုတ်နိုင်သောကြောင့်  ကြံပွက်ရည်ဖြင့် ထုတ်လုပ်သော ကြံထန်းလျက် ဈေးကွက် အသာစီး ရလာကြောင်း မိတ္ထီလာ မြို့မဈေးကြီးအတွင်းရှိ ထန်းလျက်ပွဲရုံများ၊ လက်လီ၊ လက်ကား အရောင်းဆိုင်များနှင့် ထန်းလျက်ချက်သည့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ထန်းတောင်သူ အရေအတွက် နည်းပါးလာခြင်းနှင့် ဝယ်လိုအား ရှိသလောက် မထုတ်လုပ်နိုင်ခြင်းကြောင့် ကြံ (ပွက်သား) မှ ထုတ်လုပ်သော ကြံ ထန်းလျက်များ ဈေးကွက်ဝေစု အသာစီး ရလာခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

စက်တင်ဘာလအတွင်းက မိတ္ထီလာ ဒေသထွက် ထန်းလျက် ပိဿာတစ်ရာ၏ ပေါက်ဈေးမှာ အကြမ်း ကျပ် ၁၄၀,ဝ၀ဝ ရှိပြီး အချော (အနီ) အနေနှင့် ပိဿာ တစ်ရာလျှင် ကျပ် ၁၅၅,ဝ၀ဝ ရှိကြောင်း၊ ယင်းမှတစ်ဆင့် ထန်းလျက်ဈေး တက်လာခဲ့ရာ ထန်းလျက်အကြမ်း ပိဿာတစ်ရာလျှင် ကျပ် ၁၅၅,ဝ၀ဝ၊ ထန်းလျက် (အချော) ပိဿာတစ်ရာလျှင် ကျပ် ၁၆၅,၀ဝ၀ အထိ ဈေးရှိနေကြောင်း၊ ကြံ ပွက်ရည်မှ ထုတ်လုပ်သော ကြံထန်းလျက်အနေနှင့် လက်ရှိပေါက်ဈေး ပိဿာတစ်ရာလျှင် ကျပ် ၁၂၅,ဝ၀ဝ မှ ကျပ် ၁၃၀,ဝ၀ဝ ဝန်းကျင်ရှိကြောင်း မိတ္ထီလာခရိုင် ထန်းလျက်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ထန်းတောင်သူ နည်းလာတော့ ထန်းလျက် ရှားလာတယ်။ အောက်တိုဘာလလောက်မှာ ကြံတွေ ထွက်တော့ ကြံသကာလည်း ထုတ်သလို ပွက်သားကို ထန်းလျက်အဖြစ်လည်း ထုတ်လာကြတယ်။ ခါတိုင်းနှစ် ဒီအချိန်မှာ ထန်းက ထုတ်တဲ့ထန်းလျက်နဲ့ ကြံကထွက်တဲ့ ထန်းလျက်ဈေးက မတိမ်းမယိမ်းပါ။ ဒီနှစ်မှာ ကြံထန်းလျက်က ဈေးသက်သာနေတော့ ဈေးကွက်ဝေစုရဲ့ ၇၀ ရာခိုင်နှုန်းလောက်ထိ ရလာတယ်”ဟု မိတ္ထီလာမြို့မဈေး အရှေ့ဘက်ရှိ ဝေဖြိုး ထန်းလျက်နှင့် ကြံသကာပွဲရုံ လုပ်ငန်းရှင် ဦးဖုန်းကျော်က ပြောကြားသည်။

လက်ရှိအနေအထားအရ ဒေသ ထွက်ထန်းလျက်မှာ လှောင်သမားများ လက်တွင်သာရှိနေပြီး အသစ်ပေါ်မည့်  ဖေဖော်ဝါရီလအထိ ဈေးတက်နေဦး မည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောဆိုသည်။

ကြံ ထန်းလျက် ထုတ်လုပ်သော ကုန်ကြမ်း (ပွက်သား) ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တပ်ကုန်း၊ ရမည်းသင်း၊ မတ္တရာ၊ ကောလင်းဘက်မှရရှိပြီး ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့မှ ထန်းလျက်ထွက်ရှိကြောင်း၊ ဈေးကွက် လိုအပ်ချက်အရ ကြံ ပွက်သားဖြင့်သာ သီးသန့် သုံးသော ထန်းလျက်ခဲများ ရှိသကဲ့သို့ ထန်းမှရသော သကာရည်နှင့်ရောသော ထန်းလျက်များလည်း ရှိနေကြောင်း၊ အညာဒေသထွက် ကြံထန်းလျက်များကို တောင်ကြီး၊ အောင်ပန်း၊ လွိုင်ကော်နှင့် ရန်ကုန်ဘက်မှ အဓိကထား ဝယ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်မှ ထန်းလျက် ထုတ်လုပ်သူ ဦးမောင်ထွေးက ပြောကြားသည်။

R-01