News

POST TYPE

NEWS

ပြင်ဦးလွင်တွင် ဆင်စခန်း ဖွင့်မည်
03-Dec-2017 tagged as မန္တလေး


မန္တလေး၊ ဒီဇင်ဘာ ၃

မြန်မာ့သစ်လုပ်ငန်းတွင် အသုံးပြုခိုင်းစေခဲ့ပြီး အနားပေးလိုက်သော ဆင်များကို အများပြည်သူ လေ့လာကြည့်ရှုနိုင်မည့် ဆင်စခန်းတစ်ခု ပြင်ဦးလွင်မြို့နယ် မကျည်းအင်း ကျေးရွာအတွင်း တည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) ထံမှ သိရသည်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပြင်ဦးလွင်-မန္တလေး ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ မကျည်းအင်းကျေးရွာ ဝှက်ကား ရေတံခွန်အနီးတွင် အဆိုပါ ဆင်စခန်း တည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း၊ အကျယ်အဝန်း ၇၄ ဧကရှိသည့် မြေနေရာ၌ ယခုနှစ်ကုန်ပိုင်းတွင် တည် ဆောက်နိုင်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း၊ လတ်တလောတွင် အဆိုပါနေရာ၌ အခြေခံ အဆောက်အဦများ ဆောက်လုပ်နိုင်ရေး ပြင်ဆင်နေကြောင်း မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) ဒုတိယ အထွေထွေ မန်နေဂျာ  ဦးအောင်မြင့်ဌေးက ပြောကြားသည်။

“ဒီလကုန်ပိုင်းလောက်မှာ အကောင်အထည် ဖော်နိုင်မယ်လို့ မျှော်မှန်းထားတယ်။ အခုကတော့ မြေနေရာအတွက်ရော၊ အဆောက်အအုံတွေ အတွက်ရော စီစဉ်နေပါတယ်။ မြန်မာ့သစ်လုပ်ငန်းအနေနဲ့ သစ်ထုတ်လုပ်တဲ့နှုန်း လျှော့ချလိုက်တဲ့အတွက် ကြိုးဝိုင်းတွေထဲမှာ အသုံးပြုခဲ့တဲ့ဆင်တွေ ပိုနေသလို ဖြစ်နေတယ်။ အများပြည်သူ လေ့လာနိုင်ဖို့ ရည်ရွယ်ထားတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါဆင်စခန်း စတင်ဖွင့်လှစ်ချိန်တွင် ဆင်ခြောက်ကောင်ခန့်ထားရှိ မည်ဖြစ်ကာ ယင်းဆင်များအတွက် စား ကျက်မြေအပါအဝင် မြေ ၇၄ ဧကခန့် လိုအပ်နိုင်သည့်အတွက် အစိုးရအဖွဲ့ထံမှ တောင်းဆိုရခြင်းဖြစ်ကြောင်း၊ တိုင်းအစိုးရအဖွဲ့က မည်မျှခွင့်ပြုမည်ကို အကြောင်း မပြန်ကြားသေးကြောင်း ၎င်းကရှင်းပြသည်။

မန္တလေးတိုင်းအတွင်းရှိ သပိတ်ကျင်းမြို့နယ်တွင် ယခင်က ဆင်စခန်းတစ်ခု ရှိခဲ့သော်လည်း ယင်းဆင်စခန်းကို ၂၀၁၆  ခုနှစ်အတွင်းက ဖျက်သိမ်းခဲ့ပြီးနောက် ဝှက်ကားရေတံခွန်အနီးတွင် ဆင်စခန်းတစ်ခု ဖွင့်လှစ်နိုင်ရန် မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) က ပြင်ဆင်နေခြင်းဖြစ်သည်။

ဆင်စခန်းသို့ လာရောက် လည်ပတ်သူများအနေနှင့် ဆင်များကို အစာကျွေးနိုင်ရန်နှင့် စီးနင်းနိုင်ရေးအတွက်လည်း စီစဉ်ပေးမည်ဖြစ်ကာ ဆင်စခန်းဝင်ကြေးကိုလည်း အခြား ဆင်စခန်းများနည်းတူ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဒုတိယ အထွေထွေ မန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဆင်စခန်း စုစုပေါင်း ၁၀ ခုခန့်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်း၏ မှတ်တမ်းများအရ သိရသည်။ 

M-04