News

POST TYPE

NEWS

မွန်ရှိ ရော်ဘာစိုက်ဧက ၄ သောင်းကျော်အတွက် ချေးငွေတင်ပြ
01-Dec-2017


မော်လမြိုင်၊ နိုဝင်ဘာ ၃၀

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ဧက ၄ သောင်းကျော် ချေးငွေ ချေးယူရန် စာရင်းတင်ပြထားသည်ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ရော်ဘာတစ်ဧက ကျပ် ၃၇၅၀၀၀ နှုန်းဖြင့် တွက်ချက်ထားပြီး ချေးငွေ ချေးယူမည့် စိုက်ဧကနှင့် ငွေပမာဏ စာရင်းကို ပြည်နယ် အစိုးရသို့ နိုဝင်ဘာ ဒုတိယအပတ်က တင်ပြထားသည်ဟု အထက်ပါဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

“စပါးစိုက် တောင်သူတွေလိုပေါ့ ရော်ဘာ စိုက်တောင်သူတွေကိုလည်း ချေးငွေ ထုတ်ချေးပေးဖို့ စာရင်း ကောက်လိုက်တယ်၊ ရော်ဘာစိုက်ဧက ၄ သိန်းကျော်မှာ ဧက ၄ သောင်းကျော်က ချေးငွေ ယူဖို့ စာရင်းပေးထားတယ်”ဟု ၎င်းက ပြောသည်။

ရော်ဘာစိုက်တောင်သူများ တင်ပြထားသည့် ချေးငွေများ ထုတ်ချေးပေးရေးနှင့်ပတ်သက်ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ ပြည်နယ် မန်နင်ဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

သို့သော် ချေးငွေ ထုတ်ချေးဖြစ် မချေးဖြစ်နှင့် မည်သည့်အချိန်တွင် ထုတ်ချေးနိုင်မည် စသည့် အနေစိတ်ကိုမူ မသိရသေးပေ။

အစိုးရအနေဖြင့် ချေးငွေများ ထုတ်ချေးပေးနိုင်ပါက ရော်ဘာစိုက်တောင်သူများအတွက် အထောက်အကူ ဖြစ်စေနိုင်သည်ဟု ရော်ဘာစိုက် တောင်သူများက ပြောသည်။

“အခုက ရော်ဘာစိုက်သူတွေ အဆင် မပြေကြတော့ဘူးလေ ဘာလို့လဲဆိုတော့ ရော်ဘာခြံ တစ်ခြံဖြစ်ဖို့က အများကြီး ရင်းရတယ်၊ အစေးထုတ်လို့ ရပြန်တော့လည်း ဈေးကမရှိ အလုပ်သမား ငှားခကလည်း ဈေးတက်တယ်၊ အစိုးရက ချေးငွေပေးရင် ကောင်းတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် နဲနဲရရင်လဲ နဲနဲတော့ အဆင်ပြေအောင် လုပ်လို့ရတယ်လေ”ဟု မုဒုံမှ ရော်ဘာခြံပိုင်ရှင် ဒေါ်တင်စိုးက ပြောသည်။

ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်နယ်အတွင်းက ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်သည့် ရော်ဘာသန့်စင် စက်ရုံများ တည်ဆောက်ရန်အတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ရရှိရန် ကြိုးပမ်းပေးလျက် ရှိသည်။

ထို့အတူ ရော်ဘာသန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် ရော်ဘာလုပ်ငန်းရှင် ၂၈ ဦးတို့ကလည်း ချေးငွေများ ရရှိရန် ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြည်နယ်အစိုးရမှ ပြည်ထောင်စု အစိုးရအဖွဲ့ထံ စက်တင်ဘာ ပထမ အပတ်ခန့်က တင်ပြထောင်းခံထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးထံမှ သိရသည်။

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးရာ အများဆုံးဒေသ တစ်ခုဖြစ်ပြီး အများစုသည် အသေးစား ရော်ဘာစိုက်ပျိုးသူများဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစား စိုက်ပျိုးသူများ ဖြစ်သည်ဟု မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်ထံမှ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေ ဧက ၅ သိန်းခန့် ရှိပြီး၊ ဧက ၃သိန်းကျော်မှာ ရော်ဘာ ထုတ်လုပ်လျက်ရှိကာ ကုန်ချော ထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှု မရှိသေးသည့်အတွက် ကုန်ကြမ်းအဖြစ်သာ ပြည်ပသို့ တင်ပို့နေရဆဲဖြစ်သည်။

Dawei Watch

  • VIA