News

POST TYPE

NEWS

ကရင်အမျိုးသမီးငယ် သေဆုံးမှုပြန်စစ်ရန် မိဘများ ထိုင်းအာဏာပိုင်များထံ နိုဝင်ဘာ ၂၃ ရက်က တင်ပြ
ရန်ကုန်၊ နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံတွင် အိမ်အကူ လုပ်ကိုင်ခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသူ အသက် ၁၆ နှစ်အရွယ် ကရင်အမျိုးသမီးငယ်၏အမှုကို ပြန်စစ်ဆေးနိုင်ရန် သေဆုံးသူ၏ မိဘများက ထိုင်းအာဏာပိုင်များထံ နိုဝင်ဘာလ ၂၃ ရက်တွင် တင်ပြခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေ အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ကရင်အမျိုးသမီးငယ် သေဆုံးမှုတွင် သံသယဖြစ်ဖွယ် ကိစ္စများကို တွေ့ရှိရသည့်အတွက် မိခင်ဖြစ်သူ ဒေါ်ခင်လုံးနှင့် အစ်မဖြစ်သူ မဖြူဖြူဝင်းတို့က အမှုမှန် ပေါ်ပေါက်ရန်နှင့် ပြန်လည် စစ်ဆေးပေးရန် အာဏာပိုင်များထံ တင်ပြတိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုပြီး ဇစ်ပါတဲ့ သေနတ်ထည့်ထားတဲ့ အိတ်ကို စစ်ဆေးတဲ့အခါမှာ လက်ဗွေရာ မတွေ့ဘူး။ နောက်ပြီး ကိုယ်တိုင်သတ်သေရင် သေနတ်ဒဏ်ရာက နားထင်မှာပဲ တွေ့ရလေ့ရှိတယ်။ ခုက နားနောက် အောက်ဘက်မှာ ဖြစ်နေတယ်။ အဲဒါကြောင့် ပြန်စစ်ဖို့ တိုင်ကြားတာပါ”ဟု ရှေ့နေဦးအောင်မျိုးသန့်က ဆိုသည်။ 

သံသယဖြစ်ဖွယ် အချက် ၂၀ နှင့်အတူ ပြန်လည် စစ်ဆေးပေးရန် စာကို နိုဝင်ဘာလ ၂၃ ရက်က ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၊ အမှတ် (၇) နယ်မြေရဲစခန်း၊ ရဲဌာနချုပ်၊ ထိုင်းနိုင်ငံ တရားမျှတရေး မှုခင်းဌာန၊ ထိုင်းလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဌာနများသို့ လိပ်မူတိုင်ကြားခဲ့သည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို ပြန်လည် တူးဖော် စစ်ဆေးခဲ့ပြီးနောက် သတ်သေခြင်း မဟုတ်ကြောင်း သံသယဖြစ်ဖွယ် အချက်များကို ဘာသာပြန်၍ အာဏာပိုင်များထံ မြန်မာသံရုံး ညွှန်ကြားချက်ဖြင့် ပေးပို့ခဲ့သည့်အပြင် အသတ်ခံရသောပုဒ်မဖြင့် ပြောင်းလဲ အမှုဖွင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း ဦးအောင်မျိုးသန့်က ဆက်လက် ပြောကြားသည်။

သေဆုံးခဲ့သည့် မြန်မာနိုင်ငံသူ ကရင်အမျိုးသမီး နော်တာဘလုပ် (ခ) ညိုညိုအေးသည် ထိုင်းနိုင်ငံ ရာ့ခ်ျပူရီခရိုင်၊ ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုး အိမ်ရှင်ထံတွင် အိမ်အကူအလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၆ ရက် ညက သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ထိုင်းအိမ်ရှင်၏ အခန်းအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းသို့သေဆုံးပြီး သုံးရက်အကြာတွင် ဂူသွင်းခဲ့ပြီး ထိုင်းနယ်မြေခံ ရဲတပ်ဖွဲ့က သေကြောင်းကြံစည်မှုဖြင့် အမှုပိတ်သိမ်းခဲ့ပြီးဖြစ်သည်။

ယင်းသေဆုံးမှုတွင် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့များနှင့် ထိုင်းနိုင်ငံ မြန်မာသံရုံးက သံသယရှိကြောင်း တင်ပြခဲ့သဖြင့် ထိုင်းနိုင်ငံ မှုခင်းတိုက်ဖျက်ရေးအထူးအဖွဲ့(CID)က ဂူသွင်းရုပ် အလောင်းကို နိုဝင်ဘာလ၂ ရက်က ပြန်လည် တူးဖော်စစ်ဆေးခဲ့သည်။

J-18