News

POST TYPE

NEWS

ဘုရားဆင်းတုတော်နှင့် နတ်ရုပ်တုများ ခိုးယူသည့်အဖွဲ့ကို ဖမ်းမိ
23-Nov-2017 tagged as ရန်ကုန်


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများနှင့် နတ်နန်း များမှ နတ်ရုပ်တုများကို ခိုးယူနေသည့်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများကို ဖော် ထုတ်ဖမ်းဆီးရရှိရေးအတွက် ရဲတပ်ဖွဲ့ဝင် များက နယ်မြေအတွင်း သတင်းစုံစမ်းခဲ့ ရာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၉ နှစ် မသန္တာ (ခ) သန္တာကြည်နှင့် အသက် ၂၀ နှစ် ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုး၊ အသက် ၃၀ နှစ် ရဲမင်း (ခ) မှန်ကြီးတို့သုံးဦးမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးနှင့် နတ်နန်းများမှ နတ်ရုပ်တုများကို ခိုးယူခဲ့ကြောင်း သတင်းရရှိသဖြင့် ခိုးမှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်လမ်းရှိ၊ ဓာတ်ပေါင်းစုစေတီအနီးတွင် ၎င်းတို့ သုံးဦးကို ဖမ်းမိခဲ့သည်။ 

ဖမ်းမိခဲ့သူတို့ကို စစ်ဆေးရာ ယခု နှစ် အောက်တိုဘာလက မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလို့စေတီဝင်းမှ ဓမ္မစကြဘုရား တစ်ဆူ၊ မှန်စီရွှေချ မကိုဋ်ဘုရားတစ်ဆူ၊ ရွှေချထားသည့် ပလ္လင်တစ်ခုနှင့် ထောက်ကြန့်ပုပ္ပားကျောင်းမှ မှန်စီရွှေချ ဒေါင်းရုပ်ပါ ပလ္လင်နောက်မှီ တစ်ခု၊ မှန်စီရွှေချ ဒေါင်းရုပ် နှစ်ရုပ်၊ မှန်စီရွှေချ နဂါးရုပ် နှစ်ရုပ်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ရန်အောင် ဓာတ်ကြိမ် ဘုရားဝင်းမှ ကြေးမောင်းတစ်ခု၊ ဝေဘာဂီဘူတာအနီးရှိ ဘုရားမှ ရုပ်ပွားတော်နှစ်ဆူ တောင်ဥက္ကလာပ စေတီဝင်းမှ သမ္ဗုဒ္ဓေ ရုပ်ပွားတော် တစ်ဆူတို့ကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အလားတူ နိုဝင်ဘာလက မှော်ဘီ ဘိုးဘိုးကြီး နတ်နန်းမှ နတ်ရုပ်တု ၁၂ ခု၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ၊ လှော်ကားလမ်းရှိ နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းမှ ဘုရားဆင်းတုတော် နှစ်ဆူ ၊ ရှင်ဥပဂုတ္တရုပ်တုတစ်ခု၊ တွံတွေးမြို့နယ် နတ်စင်ရောင်စေတီတော်မှ နတ်ရုပ်တု သုံးခု၊ ဘုရားဆင်းတုတော် လေးဆူ၊ ရှင်ဥပဂုတ္တရုပ်တုတစ်ခု၊ သိကြားမင်းရုပ်တု တစ်ခု၊ ရှင်သီဝလိရုပ်တု နှစ်ခု၊ သူရဿတီမယ်တော် ရုပ်တုတစ်ခု၊ ပုပ္ပားမယ်တော်ရုပ်တု တစ်ခု၊ အင်းစိန်မြို့နယ်၊ ဖောင်တော်ဦး ဘုရားဝင်းမှ ဘုရားဆင်းတုတော် တစ်ဆူ၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာရပ်တော်မူ ဘုရားဝင်းမှ ကြေးဆင်းတုတော် တစ်ဆူ၊ ရွှေလင်ပန်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကြေးဆင်းတုတော် တစ်ဆူ၊ လှည်းကူး မြို့နယ်၊ အမှတ်(၂)လမ်းဘေးရှိ သီလရှင်ကျောင်းဝင်း ကလေးနတ်နန်းမှ ကြေးမောင်းတစ်ခု ၊ ရွှေပြည်သာမြို့နယ် မြို့ဦးစေတီနှင့် ဆောက်လုပ်ရေး မှတ်တိုင်အနီးရှိ ဘုရားဝင်းမှ ဝိသာခါရုပ်တု တစ်ခု၊ ကျောက်ဆင်းတုတော်ဘုရား တစ်ဆူ၊ သစ်သား ဆင်းတုတော်ဘုရား သုံးဆူ၊ ဦးတီပွား သစ်သားရုပ်တုတစ်ခုတို့ကို ၎င်းတို့သုံးဦးက ခိုးယူခဲ့သည်။ 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး၊ ရွှေသာလျောင်း ဘုရားဝင်းမှ ကြေးမောင်း တစ်ခု၊ ရွှေချထားသော သစ်သားဆင်းတုတော်တစ်ဆူတို့ကို ခိုးယူခဲ့ကြောင်း ထပ်မံ စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ 

ခိုးမှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသော မသန္တာ (ခ) သန္တာကြည်၊ ဖြိုးမြင့်ဝင်းဆု (ခ) ကိုဖြိုးနှင့် ရဲမင်း(ခ)မှန်ကြီးတို့ ကို သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အမှုများ အသီးသီး ရေးဖွင့်အရေးယူထားပြီး သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများကို ပိုင်ရှင်များအနေနှင့် သက်ဆိုင်ရာရဲစခန်းများတွင် လာရောက်စုံစမ်း ဆောင်ရွက်နိုင်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ 

S-03