News

POST TYPE

NEWS

ပုပ်ရဟန်းမင်းကြီး ဆုတောင်းပွဲ တက်သူများအတွက် အထူးရထား ပြေးဆွဲမည်
23-Nov-2017 tagged as မီးရထား

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်၏ ရန်ကုန်မြို့ ခရီးစဉ်အတွင်း နိုဝင်ဘာလ ၂၉ ရက် ဆုတောင်းပွဲ ကျင်းပမည့် ကျိုက္ကဆံကွင်းသို့ လာရောက်မည့် ကက်သလစ် ဘာသာဝင် ပြည်သူ တစ်သောင်း လေးရာကျော်အတွက် အထူးရထား ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားထံမှ သိရသည်။

“ဝတ်ပြုမယ့် ကက်သလစ် ဘာသာဝင်တွေ အဆင်ပြေစေဖို့ ညလုံးပေါက် ပြေးဆွဲပေးမယ်။ တာမွေဘူတာမှာ မီးရထား တာဝန်ရှိတွေ ကိုယ်တိုင် လမ်းကြောင်း မမှားအောင် ဆောင်ရွက်မှာပါ”ဟု မြန်မာ့မီးရထား၊ တိုင်း(၇) သွားလာရေးဌာန အထွေထွေ မန်နေဂျာ ဦးဇော်လွင်က ဆိုသည်။

အထူးရထား ပြေးဆွဲမှုများအနေနှင့် နိုဝင်ဘာလ ၂၈ ရက်၊ ည ၁၁ နာရီတွင် စတင် ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်-တာမွေ ဘူတာမှခရီးသည် ၄၉၃၄ ဦး၊ အင်းစိန်-တာမွေ ဘူတာမှခရီးသည် ၁၄၅၅ ဦး၊ မင်္ဂလာဒုံ-တာမွေဘူတာမှ ခရီးသည် ၁၈၉၁ ဦး၊ သင်္ဃန်းကျွန်း-တာမွေဘူတာမှ ခရီးသည် ၂၀ဝ၀ ဦးတို့ကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ခရီးသည် တစ်သောင်းလေးထောင်ကျော်ကို အသွားခရီးစဉ်အတွက် ၁၁ တွဲပါသော တွဲဆိုင်း သုံးဆိုင်း၊ ငါးတွဲပါသော တွဲဆိုင်း လေးဆိုင်းဖြင့် ပို့ဆောင်ပြီး အပြန် ခရီးစဉ်အတွက် ၁၁ တွဲပါသော တွဲဆိုင်း နှစ်ဆိုင်း၊ ငါးတွဲပါသော တွဲဆိုင်း သုံးဆိုင်းဖြင့် ပို့ဆောင်မည့်အပြင် ပုံမှန် မြို့ပတ်ရထားဖြင့်ပါ သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တာမွေဘူတာကို စစ်ဆေးတာတွေ လုပ်နေပြီ။ ညပိုင်းပါ ပြေးမှာမို့ မှောင်နေတဲ့နေရာတွေ မီးထွန်းမယ်။ လိုအပ်တာတွေ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်”ဟု ဦးဇော်လွင်က ဆိုသည်။

ထို့အပြင် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းပွဲကို တက်ရောက်မည့် မြစ်ကြီးနားမြို့မှ ကက်သလစ် ဘာသာဝင် ၃၅၀ဝ ဦးအတွက် အထူးရထား သုံးစင်း ပြေးဆွဲမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်၊ ၂၆ ရက်တွင် ရန်ကုန်ဘူတာသို့ ရောက်ရှိကာ အပြန်ခရီးစဉ်အတွက် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၂ ရက်တွင် ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း(၇) သွားလာရေးဌာနထံမှ သိရသည်။
  
J-06