News

POST TYPE

NEWS

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ် သွားမည်
23-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ခရစ်ယာန် ဘာသာဝင်များ၏ အကြီးကျယ်ဆုံး ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ သွားရောက်ကာ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အသင်းချုပ်မှ ဖာသာ ဦးစိုးနိုင်က ပြောကြားသည်။

“ဟုတ်တယ် ဘင်္ဂလားဒေ့ရှ်ကို သွားမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ ခရီးစဉ်ကို ၂၀၁၇ နှစ်စကတည်းက လုပ်ထားတဲ့ အိန္ဒိယခရီးစဉ်က ပျက်သွားလို့ မြန်မာခရီးစဉ်ကို ထွက်ခဲ့တာပါ။ တစ်ရက်ခရီးစဉ်ပါ။ အစိုးရနဲ့ တွေ့မယ်။ ဒုက္ခသည်စခန်း သွားမလား ဆိုတာတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် မြန်မာပြည်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဗာတီကန်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၂၂ ရက်က ပြောကြားသည်ဟု AFP သတင်းဌာနက ရေးသားထားသည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ် တစ်ရက်တာခရီးစဉ်၌ ဘာသာပေါင်းစုံ တွေ့ဆုံပွဲအတွင်း ဘင်္ဂါလီအဖွဲ့ငယ်တစ်ဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည့် မြန်မာပြည် ခရီးစဉ်အပြီး ဒီဇင်ဘာလ ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိပြီး ဒီဇင်ဘာလ ၂ ရက်တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း ဖာသာစိုးနိုင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ ဆုတောင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

J-18

  • VIA