News

POST TYPE

NEWS

ငယ်ရွယ်သည့်ကလေးများ ငါးစားသုံးမှု မြင့်မားရေး ဆောင်ရွက်မည်
23-Nov-2017 tagged as ရန်ကုန်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

အရွယ်ရောက်အမျိုးသမီးများနှင့် ငယ်ရွယ်သည့်ကလေးများ ငါးစားသုံးမှု မြင့်မားလာစေရန်အတွက် မြန်မာ့ရေ သတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေး (MYSAP) စီမံကိန်းက အာဟာရ ဆက်စပ်လုပ်ငန်းများကို အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းစီမံကိန်း ခေါင်းဆောင် Dr. Uwe Scholz က ပြောကြားသည်။ 

ငါးထွက်နှုန်း ကျဆင်းသည့် ဒေသများတွင် တန်ဖိုးနည်း ရေထွက်ကုန်များကို လက်လှမ်းမီနိုင်ရန်အားနည်းပြီး ပင်လယ် ရေသတ္တဝါနှင့် ကုန်းတွင်းငါးဖမ်းဆီးမှု၊ အားနည်းသော စီမံခန့်ခွဲမှုများကြောင့် ငါး အပါအဝင် ရေသတ္တဝါ အရင်းအမြစ်ရရှိမှု လျော့ပါးလာကြောင်း၊ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်း ပုံစံအမျိုးမျိုးဖြင့် ငါးစားသုံးမှုမှာ တစ်နှစ်လျှင် ၁၆ ပိဿာမှ ၂၁ ပိဿာ အထိရှိကြောင်း အဆိုပါ MYSAP စီမံကိန်းအရ သိရသည်။ 

အသက် ငါးနှစ်အောက် ကလေးငယ်များ အာဟာရ ချို့တဲ့မှုအဆင့်တွင် မြန်မာနိုင်ငံသည် အဆင့် ၂၄ သို့ ရောက်ရှိနေပြီး အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းနေသည့် မြန်မာအစိုးရအတွက် ရေသတ္တဝါ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးသည် အထူး ဦးစားပေးကဏ္ဍ ဖြစ်လာကြောင်း၊ MYSAP စီမံကိန်းသည် ရေသတ္တဝါ ထုတ်ကုန်လုပ်ငန်း တိုးတက်စေရန်အတွက် ပြည်သူများ စားသုံးသည့် အာဟာရပြည့် ဒေသခံ ငါးမျိုးများ အရည်အသွေး မြှင့်တင်ရေး အပါအဝင် အာဟာရ ပြည့်မီရေး ကိစ္စရပ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။ 

မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်း MYSAP (Myanmar Sustainable Aquaculture Program) ကို စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကမ်းရိုးတန်းဒေသများနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဥရောပသမဂ္ဂ၊ ဂျာမနီ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းကာ ဂျာမနီနိုင်ငံမှ ထောက်ပံ့ငွေ ယူရို ၂၂ ဒသမ ၂၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စီမံကိန်းအရ သိရသည်။ 

J-11