News

POST TYPE

NEWS

မြောက်ကိုရီးယားသည် အစိုးရကိုယ်တိုင် ကျူးလွန်နေသည့် အကြမ်းဖက်မှုဟု အမေရိကန်သမ္မတ ကြေညာ

ဝါရှင်တန်ဒီစီ၊ နိုဝင်ဘာ ၂၂

မြောက်ကိုရီးယားသည် အစိုးရ ကိုယ်တိုင်ကျူးလွန်နေသည့် အကြမ်းဖက် နိုင်ငံဟု သတ်မှတ်ရန် အမေရိကန် ပြည် ထောင်စုက ပြင်ဆင်နေကြောင်းသမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်ဟု BBC သတင်းက ဖော်ပြထားသည်။ 

လွန်ခဲ့သည့် ကိုးနှစ်က အဆိုပါစာရင်းမှ ထုတ်ပေးခဲ့သော်လည်း ယခုအခါ ပြန်လည် သတ်မှတ်ရန်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ 

အစိုးရအဖွဲ့ အစည်းအဝေးအတွင်း သမ္မတထရမ့်က ပြောသည်မှာ လာမည့်ရက်ပိုင်းအတွက် အလွန် ကြီးမားသော အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်မည်ဟူ၍ဖြစ်သည်။ 

လက်တွေ့ဆောင်ရွက်ရာတွင်မူ အကန့်အသတ်များ ရှိပေမည်ဟု နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားထားသည်။

နျူကလီးယား အစီအစဉ် လုပ်ခြင်းကို မစ္စတာထရမ့်က အပြစ်ပြောခဲ့ပြီး နိုင်ငံတကာအဆင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေသည်ဟုလည်း မြောက်ကိုရီးယား အာဏာပိုင်များကို အပြစ်ပြောခဲ့သည်။ 

အဆိုပါ ဆုံးဖြတ်ချက်ကို အိမ်ဖြူတော်တွင် ကြေညာခဲ့ပြီးနောက် ယင်းသို့ ဆုံးဖြတ်ချက်မျိုးကို လွန်ခဲ့သည့် နှစ်များစွာကတည်းက ချမှတ်ခဲ့သင့်သည်ဟု အမေရိကန်သမ္မတက ဆိုသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလက မြောက်ကိုရီးယားကို ရေနံတင်သွင်းခြင်း ပိတ်ပင်ရန်နှင့် ကင်ဂျုံအန်း၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် အပါအဝင် အစီအစဉ် များစွာကို ကုလသမဂ္ဂတွင် အမေရိကန်က ဦးဆောင် တင်သွင်းခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး ဒုံးကျည်များ အကြိမ်ကြိမ် ပစ်ခတ်ပြခဲ့ပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုက ထိုသို့ ပြုလုပ်လာခြင်း ဖြစ်ပါသည်။

အီရန်၊ ဆူဒန်နှင့် ဆီးရီးယားတို့ ပါဝင်သော နိုင်ငံတကာ အကြမ်းဖက်ခြင်း ကျူးလွန်သည့် အမေရိကနိုင်ငံများစာရင်းတွင် မြောက်ကိုရီးယား ပါဝင်လာပြန်ပြီဖြစ်သည်။

မြောက်ကိုရီးယားသည် အဆိုပါ စာရင်းတွင် ယခင်က ပါဝင်ခဲ့ပြီး ၂၀ဝ၈ ခုနှစ်ဆွေးနွေးပွဲကြောင့် အမေရိကန်သမ္မတ ဂျော့ဒလလျူဘွတ်ရှ်က ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။           

F-02