News

POST TYPE

NEWS

ပလက်ဝဒေသ စစ်ဘေးရှောင်များ ရွှေ့ပြောင်းရေး မဖြစ်နိုင်သေးဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၂၂

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝဒေသရှိ စစ်ဘေးရှောင်များ ပြန်လည် ရွှေ့ပြောင်းပေးရန် မဖြစ်နိုင်သေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝဒေသအတွင်း နိုဝင်ဘာ လဆန်းပိုင်းအတွင်း ဆက်တိုက် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ The Voice က ဆက်သွယ် မေးမြန်းရာတွင် ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအနေနှင့် နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်မှ လုံခြုံရေး အပြည့်အဝ ပေးနိုင်ရန် လိုအပ်နေပြီး လုံခြုံရေး စိတ်ချရမည့်အခြေအနေသို့ ရောက်ရှိမှသာ ဒေသခံများ နေရပ်ပြန်နိုင်မည်ဖြစ်ပြီး ဒေသခံများ မပြန်နိုင်သရွေ့ ပြည်နယ်အစိုးရက လက်ခံ၍ ထောက်ပံ့ထားသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆက်လက် ပြောကြားသည်။

“လောလောဆယ် ဘယ်လောက်ကြာကြာ လက်ခံထားလို့ရမယ်ဆိုတာ ကျွန်တော်တို့ မခန့်မှန်းနိုင်သေးဘူး။ တိုက်ပွဲတွေတော့ မရှိတော့ဘူး။ ဒါပေမဲ့ လူထုက တော်တော် ကြောက်နေတယ်။ တပ်က လုံခြုံရေး အမြန်ဆုံး ပေးနိုင်တယ်ဆိုရင်တော့ သူတို့ ရွာပြန်လိမ့်မယ်။ တပ်ရဲ့ လုံခြုံမှု အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရင်တော့ သူတို့ရွာကို အမြန်ဆုံး ပြန်ချင်တယ်ပေါ့။ လောလောဆယ်တော့ မြစ်ကမ်းနံဘေးမှာ တဲထိုးပြီး နေရတယ်ပေါ့”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် အရေအတွက် ခြောက်ရာကျော်အထိ မြင့်တက်လာခဲ့ကြောင်း AA လက်နက်ကိုင်အဖွဲ့က ပြောဆိုထားသော်လည်း ပြည်နယ်အစိုးရက ကောက်ယူထားသည့် စာရင်းများအရ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင် အရေအတွက် ၃၄၀ ခန့်သာရှိပြီး စာရင်း မကောက်ယူရသေးသည့် အရေအတွက် ၅၀ ခန့် ကျန်ရှိနေသေးသည်ဟု ပြည်နယ်အစိုးရက ခန့်မှန်းထားသည်။

ထို့ပြင် အဆိုပါ စစ်ဘေး ရှောင်လာသည့် မိသားစုများထံမှ ကျောင်းသား/သူများကို ကျောင်းတက်ခွင့်ရရေးကိုလည်း ပြည်နယ်အစိုးရက ဆောင်ရွက်ပေးနေပြီး ကျောင်းသား/သူ အရေအတွက် ၃၀ ခန့်ကို ရှင်းလက်ဝ အထက်တန်းကျောင်းတွင် ကျောင်းတက်နိုင်ရန် စီစဉ်ပေးနေကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်က တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း AA အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ချင်းပြည်နယ် ပလက်ဝအနီး ကုလားတန်မြစ်ကြောင်းအတွင်း၌ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။

ယင်းနောက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး  တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု AA အဖွဲ့က သတင်း ထုတ်ပြန်ထားသော်လည်း အကျအဆုံးနှင့် ပတ်သတ်၍ တပ်မတော်ဘက်က သတင်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အဆိုပါ ပလက်ဝ ဖြစ်စဉ်သည် ပြည်သူလူထု လုံခြုံရေးကို ထိခိုက်လာသည့် ဖြစ်စဉ်ဖြစ်သည့်အတွက် ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နိုင်ငံသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

J-08