News

POST TYPE

NEWS

မန္တလေးတွင် ပထမဆုံးအကြိမ် အမျိုးသမီး လမ်းလျှောက်ပွဲ ပြုလုပ်မည်
မန္တလေး၊ နိုဝင်ဘာ ၂၁

မန္တလေးမြို့တော်၌ အမျိုးသမီး လမ်းလျှောက်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သည်။

အောင်မြေသာစံမြို့နယ် ကျုံးမြို့ရိုး အရှေ့ဘက် ၆၆ လမ်းပေါ်တွင် ပြုလုပ်မည့် အဆိုပါ လမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအတွင်း ဆေးမျိုးစုံ ဖြန့်ဖြူးရောင်းချရာ MEGA (ဖယ်ရိုဗစ်မြန်မာ) ကုမ္ပဏီက စီစဉ်ခြင်းဖြစ်သည်။

“အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သွေးထဲမှာ သံဓာတ်အားနည်းတဲ့ ရောဂါအကြောင်း အသိပညာရစေဖို့ ရည်ရွယ်ပြီးတော့ ဒီလို လမ်းလျှောက်ပွဲ ကျင်းပရတာ ဖြစ်ပါတယ်။ ဒီပွဲက လမ်းလျှောက်ပွဲပါ။ ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်တဲ့ လမ်းလျှောက်တဲ့ပွဲပါ”ဟု ယင်းကုမ္ပဏီ စီးပွားရေးဆိုင်ရာ ဒါရိုက်တာ ဒေါက်တာသင်းနိုင်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲလိုသူများအနေနှင့် Ferrovit Myanmar လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အမည်၊ အသက်တို့ ပေးပို့ခြင်းဖြင့် အမည်စာရင်း ပေးသွင်းနိုင်ကြောင်း၊ အမည်စာရင်း ပေးသွင်းထားသူများအနက် အသက်အငယ်ဆုံး အမျိုးသမီး ဆယ်ဦးနှင့် အသက်အကြီးဆုံး အမျိုးသမီး ဆယ်ဦးတို့ကို အထူးလက်ဆောင်များ ပေးအပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

လူမှုကွန်ရက်မှ အမည်စာရင်း မပေးသွင်းသော်လည်း လမ်လျှောက်ပွဲတွင် ပါဝင်ဆင်နွှဲလိုသူ အမျိုးသမီးများအနေနှင့် အခမ်းအနား ကျင်းပမည့်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်မတိုင်မီ အမည်ပေးသွင်းကာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။

လမ်းလျှောက်ပွဲကို ၆၆ လမ်း၊ ကျုံးအရှေ့ဘက်ရှိ အမျိုးသား ကဇာတ်ရုံတွင် ဖွင့်ပွဲပြုလုပ်ကာ ယင်းမှတစ်ဆင့် ၁၉ လမ်းသို့ လမ်းလျှောက်ကာ ၁၉ လမ်းမှ တောင်ဘက် ၂၆ လမ်း၊ ၂၆ လမ်းမှ အမျိုးသား ကဇာတ်ရုံအထိ ပြန်လည် လျှောက်ကြရမည်ဖြစ်သည်။  

လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲမည့် အမျိုးသမီးများကို ကျန်းမာရေး စောင့်ရှောက်မှုအနေနှင့် သွေးစစ်ဆေးပေးခြင်းများလည်း လုပ်ဆောင်ပေးမည် ဖြစ်သည်။

M-04