News

POST TYPE

NEWS

ရွှေဘုံသာလမ်းတွင် ကားဖြင့် လှည့်လည်ရောင်းချသည့် လမ်းဘေးဈေးသည် ရှစ်ဦးကို စည်ပင်တရားစွဲ
21-Nov-2017 tagged as ရန်ကုန် ညဈေး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဘုံသာလမ်းတွင် ကားဖြင့်လှည့်လှည်ကာ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည် ရှစ်ဦးကို တရားစွဲဆိုထားကြောင်း ပန်းဘဲတန်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရွှေဘုံသာလမ်း တစ်လျှောက်တွင် ဈေးရောင်းချနေသည့် ဈေးသည်များကို ကမ်းနားညဈေးသို့ နိုဝင်ဘာလ ၁၅ ရက်တွင် ရွှေ့ပြောင်းပေးခဲ့သော်လည်း ဈေးသည်အချို့မှာ နိုဝင်ဘာလ ၁၇ ရက်က ရွှေဘုံသာလမ်းတွင် ကားဖြင့်လှည့်လည်ကာ ရောင်းချနေသောကြောင့် စည်ပင်သာယာရေး အက်ဥပဒေ ပုဒ်မ ၆၈ အရ တရားစွဲဆိုထားကြောင်း ပန်းဘဲတန်းမြို့နယ်၊ စည်ပင်အုပ်ချုပ်ရေးမှူး ဦးလင်းဇော်စိုးကပြောကြားသည်။

“အခုလက်ရှိ ရွှေဘုံသာလမ်းမှာ ရောင်းချခဲ့တဲ့ အရင်ဈေးသည် ရှစ်ဦးက ပစ္စည်းလှည့်လည်ရောင်းချခွင့်လိုင်စင် မရှိဘဲနဲ့ ကျောက်၊ ဖုန်း၊ စာအုပ် စတာတွေကို ကားနဲ့ လှည့်လည်ရောင်းချလို့ လိုက်ဖမ်းပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ထားနိုင်ပါတယ်။ ဈေးဆိုင် အများစုကတော့ ကမ်းနားလမ်း ညဈေးကို ပြောင်းရွှေ့ ရောင်းချနေပါတယ်”ဟု ၎င်းက ဆိုသည်။

ရွှေဘုံသာလမ်းတွင် ရောင်းချနေသည့် ဈေးသည် ၃၄၁ ယောက်ကို ကမ်းနားညဈေးတန်း (ပန်းဆိုးတန်းနှင့် ဆူးလေ ဘုရားလမ်းကြား)ရှိ ကမ်းနားလမ်း မြေနေရာသို့ နိုဝင်ဘာလ ၁၅ ရက်တွင် ရွှေ့ပြောင်းပေးခဲ့ပြီး ယင်းနေရာတွင် ယခုလက်ရှိ ရောင်းချနေသည့် ဈေးသည် ၂၃၀ ကျော်ခန့် ရှိလာပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရွှေဘုံသာလမ်းတွင် ကားဖြင့် လှည့်လည်ကာ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည် ရှစ်ဦးကို စည်ပင်သာယာရေး အက်ဥပဒေပုဒ်မ ၆၈ အရ ဒဏ်ငွေတစ်သောင်းမှ ငါးသိန်းအထိ ဒဏ်ရိုက်နိုင်ပြီး တရားသူကြီး၏ ချမှတ်သည့် ဥပဒေအရ ဒဏ်ကြေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရွှေဘုံသာလမ်းတွင် ဈေးသည်များ ပြန်လည် ရောင်းချခြင်း ရှိ၊ မရှိကို မြို့နယ် ရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့က ရွှေဘုံသာလမ်း၊ ကမ်းနားလမ်းမှ ဗိုလ်ချုပ်လမ်းထိပ်အထိ စောင့်ကြည့်လျက်ရှိပြီး တွေ့ရှိပါက ဖယ်ရှားမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်၊ စည်ပင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရွှေဘုံသာလမ်း အရပ်အခေါ် ဘိန်းစားတန်း (သူခိုးတန်း) တွင် ရောင်းချနေသည့် ဈေးသည်များကို ကမ်းနားလမ်း ညဈေးတန်းနေရာတွင် အီလက်ထရွန်နစ် ပစ္စည်းအဟောင်းများ၊ ဖုန်းအဟောင်းများ၊ လူအသုံးအဆောင်ပစ္စည်း တစ်ပတ်နွမ်းများ ရောင်းချသည့်ဆိုင်များကို လေးပေပတ်လည်၊ အစားအသောက်ဆိုင်များကို ရှစ်ပေပတ်လည် အကျယ်ဆိုင်ခန်းများ နေရာချပေးထားသည်။

ညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး မြို့တွင်း လေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့် ပေးထားသည်။

J-10