News

POST TYPE

NEWS

ကလေးဝတွင် ကျောက်မီးသွေးတွင်း အမိုးပြိုကျ၍ တစ်ဦးသေဆုံး
20-Nov-2017

ကလေး၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ကျောက်အုံကျေးရွာအနီးရှိ ထူးဟန်သစ်ကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက် လိုဏ်ခေါင်းအမှတ်(၁)တွင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက လိုဏ်ခေါင်းအတွင်းကျောက်မီးသွေးတူးနေစဉ် အပေါ်အမိုးပြိုကျသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရှိရသည်။

လိုဏ်ခေါင်းအဝအကျယ် ကိုးပေ၊ အရှည် ၁၂၀၀ ရှိပြီး ယင်းသို့ အမိုးပြိုကျသဖြင့် ကျောက်မီးသွေး တူးဖော်နေသည့် မင်းကင်းမြို့နယ် ရှားတောပေါက်အိုင်ကျေးရွာနေ ကိုအောင်ခိုင်ဝင်း(၂၁ နှစ်)သည် နံရိုးကျိုး၊ နဖူးကွဲဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ယင်းရဲစခန်းနယ်ထိန်းခေါင်းဆောင် ရဲအုပ်မြတ်ဘိုဘိုက ပြောကြားသည်။

ယင်းကျေးရွာနေ ကိုကံကြီးအောင် (၂၉ နှစ်)သည် ယာလက်ဖျံနှင့် ဦးခေါင်းဖူးရောင်ဒဏ်ရာရရှိသဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရာ လမ်းပြန်လျှောက်နိုင်ပြီဖြစ်ကြောင်း၊ သေဆုံးသူကို သင်္ဂြိုဟ်ပြီးစီးကြောင်း ထူးဟန်သစ်ကုမ္ပဏီ ကလေးဝမြို့ တာဝန်ခံ ဦးကျော်ဝေက ပြောကြားသည်။

R-20

  • VIA