News

POST TYPE

NEWS

ပြသာဒ်ကြီးဘုရား ဆင်းတုတော်များ ဆေးသုတ်မှု ပြန်စစ်ဆေးမည်
ရန်ကုန်၊ နိုဝင်ဘာ ၂၀

ယဉ်ကျေးမှုနယ်မြေ ပုဂံရှိ ပြသာဒ်ကြီးဘုရား ဆင်းတုတော်များကို ဆေးသုတ်နေမှု ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ရုပ်ရှင်သရုပ်ဆောင် ဖူးစုံ၏ အလှူဖြင့်ပြုပြင်နေသော ပြသာဒ်ကြီးဘုရားရှိ ဆင်းတုတော်များ ဆေးသုတ်နေခြင်းကို လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများ ရှိနေခြင်းအပေါ် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

“အော်ရယ်ဂျင်နယ်(မူလ)ဆေးကို အရောင်မှိန်နေလို့ အရောင်ပြန်တင်တဲ့ သဘောပါ။ မူလအတိုင်း မပျောက်အောင် ပြန်ပြင်တာဖြစ်လို့ ခွင့်ပြုခဲ့တာပါ။ အခုလို ဝေဖန်တာတွေ ရှိနေတော့ ထိန်းသိမ်းရေးအဖွဲ့က ပြန်စစ်ပြီးတော့ လိုအပ်တာတွေ ပြန်လည် ကြီးကြပ်ဆောင်ရွက်မှာပါ”ဟု ဦးအောင်အောင်ကျော်က ပြောကြားသည်။

ပြသာဒ်ကြီးဘုရားရှိ ဆင်းတုတော်များကို အရောင်ပြန်တင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများကို အဆင့်ဆင့်တင်ပြ၍ ခွင်ပြုချက်တောင်းခံကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြုပြင်သည့် ပန်းရံပညာရှင်များကိုလည်း ရှေးဟောင်း သုတေသနရုံးမှ ခွင့်ပြုထားသူများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် ဖူးစုံက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြန်လည် ဖြေရှင်းထားသည်။

J-14