News

POST TYPE

NEWS

မောင်တောရှိ ကျောင်းပေါင်း ၂၀ဝ ခန့် နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်နိုင်မည်
19-Nov-2017 tagged as မောင်တော

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ဩဂုတ်လ ၂၅ ရက်တွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တော ခရိုင်တွင် ပိတ်ထားခဲ့ရသည့် ကျောင်းများအနက် ကျောင်းပေါင်း ၂၀ဝ ခန့်ကို လာမည့်နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဘူးသီးတောင်နှင့် မောင်တောမြို့ ပညာရေးမှူးများထံမှ သိရသည်။

မောင်တောမြို့နယ်တွင် အခြေခံ ပညာကျောင်းပေါင်း ၁၈၃ ကျောင်း ရှိသည့်အနက် ကျောင်းပေါင်း ၅၅ ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး နိုဝင်ဘာလကုန်တွင် ကျောင်းပေါင်း ၁၀ဝ ကျော် ပြန်လည် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ကျောင်းပေါင်း ၇၆ ကျောင်းသည် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပြန်လည် ဖွင့်လှစ်နိုင်တော့မည်မဟုတ်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

“ကျန်တဲ့ကျောင်းတွေထဲမှာ ၇၆ ကျောင်းလောက်ကတော့ ပြန်ဖွင့်နိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီရွာတွေမှာ တစ်ယောက်မှ မရှိကြတော့ဘူး။ အကြမ်းဖက်မှုကြောင့် ထွက်ပြေးသွားကြတဲ့သူတွေနဲ့ ပြန်ဖွင့်နိုင်တော့မှာ မဟုတ်ဘူး”ဟု ၎င်းက ရှင်းပြသည်။

ယခုမောင်တောတွင် ပြန်လည် ဖွင့်လှစ်နိုင်သည့်ကျောင်းများမှာ တိုင်းရင်းသား ကျေးရွာများမှ ကျောင်းများ၊ တိုင်းရင်းသားနှင့် ဘင်္ဂါလီ အရောကျောင်းများနှင့် အချို့သော ဘင်္ဂါလီကျောင်းများကို ကျေးရွာအလိုက် လုံခြုံစိတ်ချမှု အခြေအနေအရ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အလားတူပင် အကြမ်းဖက်မှုဖြစ်စဉ်များ နောက်ပိုင်း စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ကျောင်းပေါင်း ၂၀ ခန့်ကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ ကျောင်းပေါင်း ၇၅ ကျောင်းကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ဘူးသီးတောင် မြို့နယ်ပညာရေးမှူး ဦးညွှန့်ဖေက ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းပေါင်း ၂၂၁ ကျောင်း ရှိသည့်အနက် ဒုတိယအကြိမ်အဖြစ် တိုင်းရင်းသား ကျောင်းပေါင်း ၅၁ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး လာမည့် နိုဝင်ဘာ တတိယပတ်တွင် ဘင်္ဂါလီကျေးရွာများမှ ကျောင်းပေါင်း ၁၅ ကျောင်းကို ပြန်လည် ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများထံ တင်ပြထားကြောင်း ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မဖွင့်လှစ်နိုင်သေးသည့် ကျောင်းပေါင်း ၉၅ ကျောင်းရှိနေပြီး အကြမ်းဖက်မှုများကြောင့် အချို့သော ကျေးရွာများသည် မီးလောင်ပျက်စီးသွားသည့်အတွက် ကျောင်း ၁၁ ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်တော့မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

J-09