News

POST TYPE

NEWS

မြန်မာ-အိန္ဒိယ စစ်ရေး လေ့ကျင့်မှု ပထမဆုံးအကြိမ် လုပ်မည်
19-Nov-2017 tagged as မြန်မာ အိန္ဒိယ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား စစ်ရေးလေးကျင့်မှု (IMBAX – 2017) ကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ မီဂါလာယာပြည်နယ် အမ်ရွိုင်းဒေသတွင် ကျင်းပမည်ဖြစ်ကြောင်း The Economic Times ၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၁၈ ရက်က ဖော်ပြသည်။

ကုလသမဂ္ဂ အလံအောက်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်း (UNPKO) များတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အနေနှင့် ပါဝင်နိုင်ရန် ရည်ရွယ်၍ အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း The Economic Times က ရေးသားဖော်ပြသည်။

နှစ်နိုင်ငံကြားပူးတွဲ စစ်ဆင်ရေး လေ့ကျင့်မှုတွင် မြန်မာစစ်တပ်မှ အရာရှိ ၁၅ ဦးနှင့် အိန္ဒိယစစ်တပ်မှ အရာရှိ ၁၆ ဦး ပါဝင်မည်ဖြစ်ကာ ခြောက်ရက်တာ လေ့ကျင့်မည်ဖြစ်သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ပူးတွဲ စစ်ဆင်ရေးသည် အပေါင်းလက္ခဏာဆောင်သော ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဖြစ်ကြောင်း၊ နှစ်နိုင်ငံ လက်နက် အဖွဲ့အစည်းများ (သူပုန်) များကို အပြန်အလှန် လက်မခံသည့် အခြေအနေ ရှိကြောင်း၊ လက်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများ (သူပုန်) များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများကို အဆိုပါ ပူးတွဲ စစ်ရေးလေ့ကျင့်မှုသည် ပိုမို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း တပ်မတော်မှ အဆင့်မြင့် အရာရှိဟောင်းတစ်ဦးက သုံးသပ် ပြောကြားသည်။

“UN ရဲ့ခေါင်းစဉ်အောက်မှာ ပူးတွဲ စစ်ဆင်ရေး လုပ်တယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်လည်းပါလေ။ ဘာလို့ မပါတာလဲ။ ဘင်္ဂလားဒေ့ရှ်ပါရင် ပိုပြီးပြည့်စုံနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်က သဘောရိုးရင်သူလည်း ပါသင့်တယ်။ ဒါမှ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ သူပုန် လက်မခံကြေးတို့ ပါလာမယ်။ အဲလိုဆိုရင် အိမ်နီးချင်းကောင်းပီသမယ်။ အခုအိန္ဒိယနဲ့ မြန်မာက သဘောရိုးနဲ့ ဆက်ဆံတယ်လို့မြင်တယ်။ အခု ပူးတွဲစစ်ဆင်ရေးမှာ ထူးခြားမှုက ARSA တို့၊ AA တို့ အနေ ကျုံ့သွားမယ်။ သူတို့ (အိန္ဒိယ) နယ်မြေကို ဖြတ်သန်းခွင့်ရမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

အိန္ဒိယစစ်တပ်သည် ကုလသမဂ္ဂ ငြိမ်းချမ်ရေး ထိန်းသိမ်းမှု လုပ်ငန်းတွင် ပါဝင်ထမ်းဆောင်မှုများတွင် အတွေ့အကြုံ ကြွယ်ဝကြောင်း၊ IMBAX 2017 လေ့ကျင့်မှုကာလအတွင်း မြန်မာစစ်တပ်မှ ပူးပေါင်း ပါဝင်မည့်အရာရှိများကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွင် ပါဝင်သည့်အဖွဲ့ဝင်များ၏ လိုအပ်သော လုပ်ငန်းစဉ်၊ နည်းဗျူဟာ၊ ကျွမ်းကျင်မှုနှင့် နည်းစနစ်ပိုင်း အသိပညာများကို အဓိကထား လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ဂူဝါဟာတီပြည်နယ်မှ ပြည်သူ့ဆက်ဆံရေးအရာရှိ (ကာကွယ်ရေး) Mr.Suneet Newton က The Economic Times ကို ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးပူတွဲ ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ သတင်းပြန်ကြားရေး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပမည့် အာဆီယံရေတပ်များ ရေကြောင်း လုံခြုံမှုဆိုင်ရာ ပူးပေါင်း လေ့ကျင့်ခန်း (1st AMNEX-2017) တွင် တပ်မတော် (ရေ) မှ ဗျူဟာစစ်ရေယာဉ်စုမှူးတစ်ဦး ခေါင်းဆောင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)သည် ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

J-14