News

POST TYPE

NEWS

ILBC ကျောင်းကို ရန်ကင်းစည်ပင်က တရားစွဲ
18-Nov-2017 tagged as ရန်ကုန်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စည်ပင်သာယာ၏ ညွှန်ကြားချက်၊ တားမြစ်ချက်ကို လိုက်နာခြင်း မရှိဟုဆိုကာ ရန်ကင်းမြို့နယ် သာယာရွှေပြည်လမ်းရှိ ပုဂ္ဂလိကပိုင် ILBC ကျောင်းကို ရန်ကင်း မြို့နယ်စည်ပင်သာယာက တရားစွဲထားသည်။

စည်ပင်ဥပဒေပုဒ်မ ၆၈ ဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် နိုဝင်ဘာလ ၁၄ ရက်က တရားစွဲထားခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

ကျောင်းကြို/ပို့ ယာဉ်များကြောင့် လမ်းပိတ်သည်ဆိုကာ ရပ်ကွက်နေပြည်သူများက ILBC ကျောင်းပိတ်သိမ်းပေးရန် တောင်းဆိုထားသည်။

အဆိုပါကိစ္စအတွက် ILBC ကျောင်းအား ရပ်ကွက်နေ ပြည်သူများ ထောက်ခံချက် ပြန်လည် တင်ပြနိုင်မှသာ ကျောင်းဖွင့်လိုင်စင် ထုတ်ပေးမည်ဟု ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း မြို့နယ်စည်ပင်ထံမှ သိရှိရသည်။

ထိုသို့ ညွှန်ကြားထားသော်လည်း ပြန်လည်တင်ပြခြင်း မရှိသဖြင့် ကျောင်း ပိတ်သိမ်းရန် သုံးကြိမ်တိုင် အကြောင်းကြားထားပြီး လိုက်နာမှု မရှိသဖြင့် စည်ပင် ဥပဒေပုဒ်မ ၆၈ ဖြင့် တရားစွဲခြင်း ဖြစ်သည်။

ကျောင်းဖွင့်ခွင့်အတွက် ပတ်ဝန်းကျင်က မထောက်ခံသဖြင့် မြို့နယ်စည်ပင်အနေနှင့် လုပ်ပိုင်ခွင့်ပေး၍ မရသကဲ့သို့ ရာဇဝတ်မှု မဟုတ်သဖြင့် ကျောင်းကို ဖျက်ပစ်ခြင်း၊ ဖြိုပစ်ခြင်း လုပ်မရကြောင်း မြို့နယ်စည်ပင် တာဝန်ရှိသူက ပြောကြားသည်။

ကျောင်းပတ်ဝန်းကျင်နေ ပြည်သူ ၁၀ ဦး၏ ထောက်ခံချက် ရလျှင်ပင် ကျောင်း ဆက်ဖွင့်ခွင့်ရမည်ဖြစ်သည်။ တရားစွဲထားသည့်အတိုင်း မလိုက်နာလျှင် စည်ပင်ဥပဒေ ပုဒ်မ ၆၉ ဖြင့် ထပ်မံ တရားစွဲမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်ထံမှ သိရှိရသည်။

ကျောင်းကြို/ပို့ ယာဉ်များကြောင့် လမ်းပိတ်ဆို့မှုဖြစ်သည့်ကိစ္စ ရပ်ကွက်နေ ပြည်သူများ စုပေါင်း၍ စက်တင်ဘာလ ၄ ရက်က ရန်ကင်းမြို့နယ် မာလာမြိုင်လမ်း၊ ပြည်သာယာဓမ္မာရုံ၌ သတင်းစာ ရှင်းလင်းခဲ့သည်။

ရပ်ကွက်ကိုယ်စားလှယ် ဦးဖေမြင့်က ILBC ကျောင်း ကျောင်းဖွင့်ချိန် နေ့စဉ် နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအတွင်း တစ်ကြိမ် ကျောင်းကြို/ပို့ကား ၅၀ဝ ခန့်ရှိ၍ လမ်းပိတ်သည်ဟု ပြောဆိုခဲ့သည်။

အဆိုပါကျောင်း ကျောင်းသားရေးရာနှင့် ဝန်ထမ်းရေးရာ ဌာနမှူး ဦးသိန်းလွင်ကမူ ယာဉ်ကြော ကျပ်တည်းချိန်သည် မွန်းလွဲ ၂ နာရီခွဲမှစ၍ ၁၅ မိနစ်ခန့်သာကြာကြောင်း The Voice ၏ မေးမြန်းမှုကို ပြန်လည် တုံ့ပြန်ထားသည်။

လေးထောင့် ကန်လမ်းမကြီးတွင် ယာဉ်ကြော ပိတ်၍ လမ်းကြားမှထွက်ရန် ကြန့်ကြာခြင်းဖြစ်ပြီး ILBC ကျောင်းမှ ကျောင်းဝန်ထမ်းများက လမ်းရှင်းရေး ကူညီလုပ်ဆောင်ပေးကြောင်း ၎င်းက ပြန်လည် ဖြေကြားထားသည်။

ယခု တရားစွဲသည့်ကိစ္စကိုမူ ကျောင်းတာဝန်ခံကိုသာ မေးမြန်းရန် ဦးသိန်းလွင်က ပြောကြားသည်။

အဆိုပါ ကျောင်းထံဆက်သွယ်ရာ ကျောင်းအနေနှင့် ပုံမှန် လည်ပတ်နေကြောင်း ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။ ကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းတာဝန်ရှိသူများကို ဆက်သွယ်၍ မရနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

သာယာရွှေပြည်လမ်းရှိ ILBC ကျောင်းသည် နိုင်ငံတကာ သင်ရိုးသင် သူငယ်တန်းနှင့် မူလတန်းဆင့်ကျောင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က စတင် ဖွင့်လှစ်ခြင်းဖြစ်သည်။ ကျောင်းသားဦးရေ ၇၀ဝ ခန့် တက်ရောက်နေသည်။

ရန်ကုန်မြို့အတွင်း ကျောင်းပေါင်း ၈ ကျောင်းရှိပြီး ကျောင်းသားပေါင်း ၂၅၀ဝ ခန့်ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ILBC ကျောင်းပေါင်း ၃၀ ရှိပြီး မူကြိုမှ အလယ်တန်းအထိ ကျောင်းသား ၁၃၀ဝ၀ ရှိကြောင်း ကျောင်းသားရေးရာနှင့် ဝန်ထမ်းရေးရာ ဌာနမှူး ဦးသိန်းလွင်က ပြောကြားထားသည်။

မြဇာခြည်သင်း